ဂျပန်တွင် မီးတောင်ပေါက်ပြီး နှင်းထုပြိုကျ၊ စစ်သား ၁ ဦး သေဆုံး

January 24, 2018

ဂျပန်တွင် မီးတောင်ပေါက်ပြီး နှင်းထုပြိုကျ၊ စစ်သား ၁ ဦး သေဆုံး

ဂျပန်နိုင်ငံ အလယ်ပိုင်းက နှင်းလျှောစီး အပန်းဖြေစခန်းတခုမှာ စစ်သားတွေကို သင်တန်းပေးနေတုန်း ဇန်နဝါရီ ၂၃ ရက်က မီးတောင်ပေါက်ပြီး နှင်းထုပြိုကျခဲ့လို့ စစ်သားတယောက် သေဆုံးခဲ့ပြီး တခြားလူ စုစုပေါင်း ၁၁ ယောက် ဒဏ်ရာရသွားပါတယ်။ မီးတောင်ပေါက်ကွဲရာက လွင့်ထွက်လာတဲ့ ကျောက်တုံးတွေက မိုးရွာသလို ကျလာပြီး နှင်းလျှောစီးနေသူတွေကို ထိမှန်ခဲ့တာပါ။ ပေ ၇ ထောင်ကျော်မြင့်တဲ့ မီးတောင် မိုတိုရှိရနဲဟာ မနေ့ မနက်ပိုင်းမှာ ပေါက်ကွဲခဲ့တယ်လို့ ဂျပန် မိုးလေဝသအေဂျင်စီ မီးတောင်ရေးရာဌာန ညွှန်မှူး မာခိုတို စိုင်းတိုက ပြောပါတယ်။ ဂျပန် ကာကွယ်ရေးတပ်မတော် ကြည်းတပ် SDF က တပ်ဖွဲ့ဝင် ခြောက်ယောက်လည်း နှင်းထုကြောင့် ပိတ်မိနေတယ်လို့ ကာကွယ်ရေးဝန်ကြီး အစ်ဆုနိုရိ အိုနိုဒဲရက ပြောပါတယ်။ သူတို့အားလုံးကို ကယ်နိုင်ခဲ့ပေမယ့် တယောက် သေဆုံးခဲ့တာပါ။ လူများစုက အရိုးကျိုးတဲ့ ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ အပန်းဖြေစခန်းမှာလည်း ယာယီမီးပြတ်ခဲ့ပါတယ်။ နှင်းလျှောစီးသူ အယောက် ၈၀ လောက်ကို တောင်စောင်းထိပ်ပိုင်းကနေ ရဟတ်ယာဉ်တွေနဲ့ ကယ်ထုတ်ခဲ့ရပါတယ်။ ကယ်ဆယ်ခဲ့သူတွေထဲက လေးယောက်ဟာ ဗြိတိန်ခရီးသည်တွေဖြစ်ပြီး ၁၄ ယောက်ကတော့ ထိုင်ဝမ်က လာသူတွေလို့ ဂျပန်မီဒီယာမှာ ဖော်ပြထားပါတယ်။
3 years Ago
Up