ဂျပန်စတော့ရှယ်ယာဈေး တနှစ်အတွင်း အနိမ့်ဆုံးဈေး ကျဆင်း

January 18, 2016

ဂျပန်စတော့ရှယ်ယာဈေး တနှစ်အတွင်း အနိမ့်ဆုံးဈေး ကျဆင်း

ဂျပန်စတော့ရှယ်ယာဈေးတွေ ဇန်န၀ါရီ ၁၈ ရက် မနက်ပိုင်းမှာ တနှစ်အတွင်း အနိမ့်ဆုံးဈေးကို ကျဆင်းခဲ့ပါတယ်။ အခုနှစ်ဆန်ပိုင်းရက်တွေအတွင်း အမေရိကန် စတော့ဈေးတွေ ကျဆင်းတာ၊ ကမ္ဘာ့ရေနံဈေး တစည်ကို အမေရိကန်ဒေါ်လာ ၂၈ ဒေါ်လာအောက် ကျသွားပြီး ၂၀၀၃ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးဈေးကို ကျဆင်းတာနဲ့ ဆက်စပ်ပြီး ဂျပန်စတော့ဈေးတွေလည်း တနှစ်အတွင်း အနိမ့်ဆုံးဈေးကို ကျဆင်းခဲ့တာပါ။ အဓိက ဂျပန်စတော့ဈေးကွက်ဖြစ်တဲ့ နီကေးညွှန်းကိန်းတွေ ဇန်န၀ါရီ ၁၈ ရက် နေ့လယ်ပိုင်းမှာ အနည်းငယ် ပြန်တက်ခဲ့ပေမယ့် တလအတွင်း ၁၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ရေနံဈေးတွေလည်း ဆက်စပ်ပြီး ရေနံနဲ့ သတ္တုတူးဖောက်ရေးလုပ်ငန်း အများအပြားရှိတဲ့ သြစတြေးလျ စတော့ဈေးကွက်မှာလည်း ရိုက်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ရေနံနဲ့ ပတ်သက်တဲ့ စတော့ဈေးတွေ ကျဆင်းနေတာမှာ သြစတြေးလျနိုင်ငံရဲ့ အကြီးဆုံး သတ္တုနဲ့ ရေနံကုမ္ဗဏီ BHP Billiton ရှယ်ယာက ၃ ဒသမ ၂ ရာခိုင်နှုန်း၊ Woodside ရေနံကုမ္ပဏီ ရှယ်ယာဈေးက ၁ ဒသမ ၈ ရာခိုင်နှုန်း၊ Santos ရေနံကုမ္ပဏီ ရှယ်ယာက ၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ သြစတြေးလျ အဓိကဘဏ်ကြီးတွေရဲ့ စတော့ဈေးတွေလည်း တဆက်တည်း ကျဆင်းခဲ့ပါတယ်။ ကိုရီးယားစတော့ဈေးကွက် ကောစ်ပီ Kospi Index ကလည်း ဇန်န၀ါရီ ၁၈ ရက်နေ့က ၀ ဒသမ ၃၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
7 years Ago
Up