ဂျပန်စစ်သည်

March 9, 2019

မိတ္ထီလာတွင် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် ဂျပန်စစ်သည်အရိုးစုကို မီးသင်္ဂြိုဟ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မြင်တော်ကန်သုဿန်မှာ ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးခဲ့တဲ့ ဂျပန်စစ်သည် အရိုးစုကို  ဂျပန်စစ်သည် အရိုးစုရှာဖွေရေးအဖွဲ့က မတ် ၈ ရက်နေ့မှာ ဂါရ၀ပြု မီးသင်္ဂြိုဟ်ခဲ့ပါတယ်။ ၂၀၁၉ ဖေဖော်ဝါရီလက အင်းပက်လက်ရွာတွင် အိမ်သာကျင်းတူးချိန် ကျဆုံးဂျပန်စစ်သည် အရိုးစုနဲ့ သံချေးတက်နေတဲ့ ဓား ၁ ချောင်း၊ ပစ္စတိုသေနတ် ၁ လက် တို့ တွေ့ရှိခဲ့ပါတယ်။ ဓားနဲ့သေနတ်တို့ကို သက်ဆိုင်ရာကိုအပ်နှံပြီး ကျဆုံးဂျပန်စစ်သည် အရိုးစုကို မိတ္ထီလာစည်ပင်အဖွဲ့ထံ အပ်ခဲ့ပြီး အဲဒီအရိုးစုကို ဂါရဝပြုမီးသင်္ဂြိုဟ်ခဲ့တာပါ။ ဂါရဝပြုမီးသဂြိုဟ်ရာမှာ ဂျပန်စစ်သည်အရိုးစုရှာဖွေရေးအဖွဲ့ကို စည်ပင်အဖွဲ့နဲ့ ဌာနဆိုင်ရာတွေက ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ မိတ္ထီလာစည်ပင်ကော်မတီဥက္ကဋ္ဌ ဆရာမကြီးဒေါ်နီလာဝင်းက "အင်ပက်လက်ရွာကတွေ့တဲ့ ကျဆုံးဂျပန်စစ်သည် အရိုးစုကို ဂျပန်တွေနဲ့အတူ မီးသင်္ဂြိုဟ်ပေးလိုက်တယ်။ ဂျပန် ၆ ယောက်လာတယ်။ စကားပြန်တွေလည်းပါတယ်။ အရိုးစုက အပြည့်အစုံ မဟုတ်သေးတော့ ထပ်ရှာနေတယ်။ မတ်လ ၅ ရက် လောက်ကတည်းက ဂျပန်အဖွဲ့တွေ မိတ္ထီလာရောက်နေတာပါ” လို့ ပြောပါတယ်။ သတင်း-မောင်မောင်လင်း
2 years Ago
Up