ဂျပန်ငလျင်အပျက်အစီးများ မောင်းသူမဲ့လေယာဉ်ဖြင့် ရိုက်ကူးပြသ (ရုပ်သံ)

April 19, 2016

ဂျပန်ငလျင်အပျက်အစီးများ မောင်းသူမဲ့လေယာဉ်ဖြင့် ရိုက်ကူးပြသ (ရုပ်သံ)

ဂျပန်နိုင်ငံ ဘူမိသတင်းအချက်အလက် အာဏာပိုင်အဖွဲ့က လွှတ်တင်တဲ့ မောင်းသူမဲ့ ယာဉ်က ငလျင်အပြီး အပျက်အစီးတွေကို ပြီးခဲ့တဲ့ ဧပြီ ၁၆နဲ့ ၁၇ ရက်နေ့က ရိုက်ကူးထားတာပါ။ ရုပ်ပုံတွေထဲမှာ ဂျပန်တောင်ပိုင်းက မြေပြိုမှုတွေနဲ့ မြေပြင် အက်ကွဲကြောင်းတွေကို ပြသထားပါတယ်။ တနေရာမှာတော့ မြေပြိုမှုကြောင့် ရွှံ့နဲ့ ရေတွေက အနားက လမ်းကို ဖုံးပြီး ရပ်ကွက်ထဲ စီးဝင်သွားပုံကို ပြထားပါတယ်။ ဧပြီ ၁၄ နဲ့ ၁၆ ရက်နေ့တွေက လှုပ်ခဲ့တဲ့ အင်အားပြင်းငလျင်တွေကြောင့် မြေလွှာအက်ကြောင်းနဲ့ ပြတ်ရွှေ့လမ်းကြောတွေကိုလဲ မြင်ရပါတယ်။ မြေလွှာ ပြတ်ရွှေ့တွေဟာ ၁၀ ဝေန်းကျင်ထိ ကွဲဟ ရွေ့လျား သွားခဲ့တယ်လို့ ပညာရှင်တွေကို ကိုးကားပြီး ဂျပန်မီဒီယာက ပြောပါတယ်။ ဧပြီ ၁၄ ရက်နေ့က ငလျင်အပြီး မြေပြင် တုန်ခါမှု ၂၃၀ ကျော် လှုပ်ခတ်ခဲ့ပြီး ဂျပန် သတ်မှတ်ချက် အနည်းဆုံး အဆင့် ၁ ရှိခဲ့တယ်လို့ ဂျပန် မိုးလေဝသဌာနက ပြောပါတယ်။ ဧပြီ ၁၆ ရက်နေ့ ငလျင်ကြောင့် လူ ၃၃ ယောက် သေဆုံးပြီး ကြာသပတေးနေ့ ငလျင်ကြောင့် လူ ၉ ယောက် သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲက အယောက် ၁၉၀  အသည်းအသန် အခြေအနေမှာ ရှိနေပြီး လူပေါင်း ၁ သိန်း ၁ သောင်းကျော်က အိုးအိမ် စွန့်ခွာခဲ့ရတယ်လို့ ဂျပန်အစိုးရက ပြောဆိုပြီး လူ ၉ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ငလျင်ဟာ ဂျပန်နိုင်ငံမှာ အမြဲတမ်း ဖြစ်နေကျ ဖြစ်ပြီး အလာစကာပြည်နယ်ကနေ အမေရိကန် အနောက်ပိုင်းတလျှောက် အဲဒီကနေ အလယ်နဲ့ တောင်အမေရိကတိုက်အထိ ဖြတ်သန်းသွားတဲ့ ကျောက်လွှာချပ်နဲ့ တောင်ပစိဖိတ်ကျွန်းတွေ၊ အင်ဒိုနီးရှားနဲ့ ဂျပန်ကို ဖြတ်သွားတဲ့ ကမ္ဘာ့ကျောက်လွှာချပ်ကြီး ပြတ်ရွှေ့မှုကြောင့် ငလျင်လှုပ်မှု များပါတယ်။ ဒီမြေပြင် အခြေအနေကို ပစိဖိတ် မီးကွင်းကြီး လို့ ခေါ်ပါတယ်။
6 years Ago
Up