ဂျပန်

July 19, 2019

ဂျပန် ဆီရီဇိုအိုဆာကာယူ-၁၈ အသင်းကို မြန်မာက ၂-၁ ဂိုးဖြင့် အနိုင်ရ

ဂျပန်နိုင်ငံကို လေ့ကျင့်ခြေစမ်းဖို့ ရောက်ရှိနေတဲ့ မြန်မာလက်ရွေးစင် ယူ-၁၈ အသင်းဟာ ပထမဆုံး ခြေစမ်းပွဲအဖြစ် ဆီရီဇို အိုဆာကာ ယူ-၁၈ အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တယ်လို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ ဂျပန်နိုင်ငံ အိုဆာကာမြို့ရှိ မီနာနီ ဆူမိုရီကွင်းမှာ နေညနေပိုင်းက ကစားခဲ့တာဖြစ်ပြီး ခြေစမ်းပွဲမတိုင်မီ နေ့လယ်ပိုင်းကနေ ပွဲပြီးချိန်ထိ မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် နှစ်သင်းစလုံး ရုန်းကန်ခဲ့ရပါတယ်။ မြန်မာယူ-၁၈ အသင်းဟာ အာဆီယံယူ-၁၉ ပြိုင်ပွဲ၊ အာရှယူ-၁၈ ခြေစစ်ပွဲတွေအတွက် ပြင်ဆင်တဲ့ ခြေစမ်းပွဲဖြစ်တာကြောင့် ပွဲချိန် ပထမပိုင်းနဲ့ ဒုတိယပိုင်းတို့ကို မတူညီတဲ့ လူစာရင်းနဲ့ ပွဲထွက်ခဲ့ပါတယ်။ မြန်မာယူ-၁၈ အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်က ရတဲ့ အခွင့်အရေးတိုင်းနီးပါးကို ထိထိရောက်ရောက် အသုံးချကစားနိုင်ခဲ့သလို ဆီရီဇို အိုဆာကာယူ-၁၈ အသင်းရဲ့ တိုက်စစ်ဆင်မှုကိုလည်း မြန်မာယူ ၁၈ နောက်ခံလူတွေနဲ့ ဂိုးသမားက အကောင်းဆုံး ကာကွယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာယူ-၁၈ အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၈ မိနစ်မှာ ဇော်ဝင်းသိန်းရဲ့ ဖန်တီးပေးမှုမှတဆင့် တိုက်စစ်မှူး စောကျော်အဲက အပိုင်ကန်သွင်းယူခဲ့ပြီး ပွဲချိန် ၃၂ မိနစ်မှာ အိုဆာကာယူ-၁၈ အသင်းက ထောင့်ကန်ဘောမှတဆင့် ခေါင်းတိုက်ပြီး ချေပဂိုးသွင်းယူခဲ့ပါတယ်။ ပထမပိုင်းပြီးဆုံးကာနီး ထပ်ဆောင်းအချိန်ပိုမှာတော့ သက်ဟိန်းစိုးရဲ့ ပေးပို့မှုမှတစ်ဆင့် တိုက်စစ်မှူး လမင်းထွေးက သွင်းယူခဲ့လို့ ပထမပိုင်းပြီးဆုံးချိန်မှာ မြန်မာယူ-၁၈ အသင်းက ၂-၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မြန်မာယူ-၁၈ အသင်းက တသင်းလုံး လူစားလဲ ကစားခဲ့ပြီး အိုဆာကာယူ-၁၈ အသင်းကလည်း အပြောင်းအလဲ အများအပြား ပြုလုပ်ခဲ့ပါတယ်။ နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြပေမယ့် ဂိုးထပ်မသွင်းနိုင်တာကြောင့် ပွဲအပြီးမှာ မြန်မာယူ-၁၈ အသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မနေ့က ခြေစမ်းပွဲမှာ ပြိုင်ဘက်တိုက်စစ်ကို ကာကွယ်ရင်း ဂိုးသမား ပြည့်ဖြိုးသူနဲ့ အသင်းခေါင်းဆောင် စည်သူမိုးခန့်တို့ အသေးစား ခြေကျင်းဝတ် ဒဏ်ရာရခဲ့ပြီး လူစားလဲ ခံခဲ့ရတယ်လို့ သိရပါတယ်။ မြန်မာယူ-၁၈ အသင်းဟာ ဇူလိုင် ၂၁ ရက်နေ့မှာ Osaka Sangyo University အသင်းနဲ့ ဆက်လက်ခြေစမ်းကစားမှာ ဖြစ်ပါတယ်။  
2 years Ago

July 18, 2019

ကျိုတိုမြို့က အန်နီမေးရှင်း စတူဒီယို မီးလောင်၊ ၁ ဦး သေဆုံး ၃၀ ကျော် ဒဏ်ရာရ (ရုပ်သံ)

ဂျပန်နိုင်ငံ ကျိုတိုမြို့က အန်နီမေးရှင်း စတူဒီယိုတခုမှာ ဒီကနေ့ မီးလောင်တာကြောင့် တဦးသေဆုံးပြီး အယောက် ၃၀ ကျော် ဒဏ်ရာရကာ အဲဒီထဲက ၁၀ ယောက်ဟာ ဒဏ်ရာပြင်းထန်တယ်လို့ မီးသတ်ဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ ရှို့မီးလို့ သံသယရှိတဲ့ ဒီမီးလောင်မှုကို ရဲတပ်ဖွဲ့က စုံစမ်းနေပြီး စတူဒီယိုဝန်းကျင်မှာ ဓာတ်ဆီလောင်းခဲ့ပုံရတဲ့  လူတယောက်ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီ အန်နီမေးရှင်း စတူဒီယိုဟာ “Sound! Euphonium” အန်နီမေးရှင်းစီးရီးကို ထုတ်လုပ်ပြီး “Free! Road to the World - The Dream” ဆိုတဲ့ အန်နီးမေးရှင်း ကာတွန်းကို ဒီလမှာ အများပြည်သူကို ပြသသွားမယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် လူအများအပြား သေဆုံးတယ်လို့ ယူဆရကြောင်း အာဏာပိုင်တွေနဲ့ ဒေသမီဒီယာတွေက ဆိုပါတယ်။
2 years Ago
More News
Up