ဂျနီဖာလောရန့်စ်

March 5, 2018

ရှက်ဖွယ် လိင်ဆွဲဆောင်မှုမရှိတဲ့ ပြကွက်တွေနဲ့ ထိတ်လန့်သည်းဖိုရုပ်ရှင် Red Sparrow (နမူနာကြည့်ရန်)

၂၀၁၈ ခုနှစ်မှာ ထွက်လာတဲ့ ရုပ်ရှင်ကားသစ် Red Sparrow ကို ဘီဘီစီ ရုပ်ရှင်ဝေဖန်သုံးသပ်သူ ကယ်ရင်ဂျိမ်းစ်က ရှက်ရွံ့ဖွယ် လိင်ဆွဲဆောင်မှုမရှိတဲ့ ပြကွက်တွေနဲ့ ထိတ်လန့်သဲဖို ရုပ်ရှင်ကားမျှသာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒီဇာတ်ကားမှာ ၂၀၁၅ ခုနဲ့ ၂၀၁၆ ခုနှစ်တွေက သရုပ်ဆောင်ကြေး အမြင့်ဆုံးရရှိထားတဲ့ အော်စကာဆုရှင် ဂျနီဖာလောရန့်စ်နဲ့ သြစတြေးလျမင်းသား ဂျိုးအက်ဂါတန်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ။ ရုရှားဘဲလေးကချေသည် မိန်းကလေးတဦးမှာ အိမ်လေးထဲ ခိုက်ခိုက်တုန်၊ နာမကျန်းဖြစ်နေတဲ့ မိခင်ရှိနေပြီး သူကိုယ်တိုင်ဟာလည်း ခြေထောက်ကျိုးသွားတဲ့အခါ  ကိုယ်ကျင့်သီလ မကောင်းတဲ့ သူ့ဦးလေးက ငွေကြေးပြဿနာကို ဖြေရှင်းဖို့ လိင်ကျွန်တယောက် ဖြစ်လာဖို့ပဲ အကြံပြုမှာပေါ့လို့ စတင်ဝေဖန် ရေးသားထားပါတယ်။ မိန်းကလေးအနေနဲ့ ဘာလုပ်မှာပါလဲ၊ အဲ့ဒီလိုနည်းနဲ့ပဲ Red Sparrow ထဲမှာ ဒိုမီနီ ကာအီဂိုရိုဗာအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီး ဂျနီဖာလောရန့်စ်က အထူးအဖွဲ့အစည်းတခုမှာ သင်ယူနေရသူအဖြစ် သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ မက်ထရွန်ဆိုတဲ့ ဆရာအဖြစ် သရုပ်ဆောင်သူ ရှားလော့တ်ရမ်ပလင်ကတော့ ဖြားယောင်းသွေးဆောင်မှုကနေ သူလျှိုလုပ်တဲ့ အနုပညာကို အတန်းထဲမှာ သင်ကြားပေးနေပြီး အရောင်မွဲမွဲ မီးခိုးရောင် အထက်အောက်ဆင်တူတွေနဲ့ အလုပ်သမားစီး ရှူးဖိနပ်တွေကို ဝတ်ဆင်ထားတဲ့ အမျိုးသား အမျိုးသမီးတွေအဖို့ ဖြားယောင်းသွေးဆောင်မှု ၁၀၁ ဆိုတဲ့ သင်ခန်းစာက သင်တန်းမှာ အခက်ခဲဆုံးအဆင့် ဖြစ်ကောင်း ဖြစ်မှာပါ။ Red Sparrow ရုပ်ရှင်ဟာ ရုရှား၊ သူလျှိုနဲ့ လိင် စတဲ့ အမယ်စုံပါတဲ့ ကောင်းမွန်ပြည့်စုံတဲ့ ဟင်းချက်နည်းတခုလိုပါပဲ။ ဒါပေမယ့် ထိတ်လန့်သည်းဖိုကား ဖြစ်နိုင်တဲ့ ဒီ ဖန်တရာတေနေတဲ့ ရုပ်ရှင်ပြကွက်တွေက မရည်ရွယ်ဘဲ ဟာသကားတကားအဖြစ် ယူဆနိုင်မှာပါလို့ ဝေဖန်ထားတာပါ။ ရုပ်ရှင်ဟာ ငြီးငွေ့ဖွယ် စစ်အေးခေတ် ရုပ်ရှင်တွေထဲက ငှားသုံးထားတဲ့ ရုရှား ကာတွန်းဇာတ်ကောင်တွေရဲ့ လေသံတွေနဲ့ ပြည့်နေပြီး ရှက်ဖွယ် လိင်ဆွဲဆောင်မှုမရှိတဲ့ ပြကွက်တွေနဲ့ မခံနိုင်လောင်အောင် ဆိုးရွားတဲ့ နှိပ်စက်ခန်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ရဲ့ ကိုးယိုးကားယားဖြစ်မှုက ပထမဆုံးပြကွက်ဆိုတာ ထင်ရှားနေပြီး အဲ့ဒီအခန်းမှာ လောရန့်စ်က ဘဲလေးအကခန်းမှာ မလှမပ ဘဲလေးကနေတာနဲ့ စတင်ထားပါတယ်။ စင်ပေါ်မှာ မတော်တဆဖြစ်မှုပြီးတဲ့နောက် ဒိုမီနီကာရဲ့ ခြေထောက်နဲ့ သူမရဲ့ အလုပ်အကိုင်ကို အပြင်းအထန် ထိခိုက်မှု ဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက်တော့ သူမရဲ့ အကြမ်းဖက် ကလဲ့စားချေမှုကို ဝှက်ထားတဲ့ဒေါသအဖြစ် သရုပ်ဆောင်ပြခဲ့တာပါ။ သူမရဲ့ဦးလေးဖြစ်သူက ရုရှားထောက်လှမ်းရေး အေဂျင်စီမှာ လက်ထောက်တဦး ဖြစ်နေချိန် သူမက ထူးထူးဆန်းဆန်း ကူကယ်ရာမဲ့နေကာ မိခင်ဖြစ်သူကို ကျန်းမာရေး စောင့်ရှောက်မပေးနိုင်မှု၊ ဆင်းရဲနွမ်းပါးမှုတို့က ခြိမ်းခြောက်မှုတခုဖြစ်နေပြီး ဇာတ်ကောင် ဒိုမီနီကာကို အလုပ်အသစ် လုပ်ကိုင်ဖို့ တွန်းအားဖြစ်ခဲ့တာလို့ ထောက်ပြလိုက်ပါတယ်။ တချိန်တည်းမှာပဲ အမေရိကန် စီအိုင်အေ အေးဂျင့် နိတ်နာ့ရှ် (ဂျိုးအက်ဂါတန်) က ဂေါ်ကီပန်းခြံတဝိုက်မှာ လှုပ်ရှားနေတာဖြစ်ပြီး သူ့ရဲ့ အဆင့်မြင့် ရုရှားသတင်းပင်ရင်း ဌာနတခုကို ကာကွယ်ပေးနေပါတယ်။ သူကိုယ်တိုင်က သူ့ရဲ့ကာကွယ်ပေးနေရမှုကို စိတ်ပျက်နေပြီး မျက်နှာမရ သိက္ခာကျကာ နေရပ်ရင်းဆီ ပြန်ပို့ခံလိုက်ရသူအဖြစ် သရုပ်ဆောင်ထားခဲ့ပါတယ်။ ဒိုမီနီကာကို မကြာခင်မှာပဲ နေရာပြောင်းရွှေ့ထားတဲ့ နာ့ရှ်ကို တွေ့ဖို့ ဘူဒါပက်စ်ကို ပို့ခံရပြီး နာ့ရှ်နဲ့တွေ့ကာ သူ့ရဲ့ မယုံကြည်ရတဲ့ ရုရှားသူလျှိုအမည်ကို ဖော်ထုတ်နိုင်ဖို့ ဒိုမီနီကာက အကောင်းဆုံးကြိုးစားပုံမျိုး သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ ဂျနီဖာလောရန့်စ်က ချစ်စရာကောင်းပြီး မင်းသား ဂျိုးအက်ဂါတန်ကလည်း နှစ်လိုဖွယ်ကောင်းပါတယ်။ ဒါပေမယ့် တပ်မက်မှု တဏှာရာဂတွေက အလုပ်အတွက်  အကြောင်းပြချက်နဲ့ ဟန်ဆောင်တာလို့ပဲဆိုဆို သူတို့နှစ်ဦးရဲ့ သရုပ်ဆောင်မှုတွေဟာ  စိတ်လှုပ်ရှားမှု နည်းပါးနေတာကို ပြသနေတာလို့ သုံးသပ်လိုက်ပါတယ်။ ဂျက်စတင်ဟေ့သ်ရဲ့ ရုပ်ရှင်ဇာတ်ညွှန်းက စီအိုင်အေဝန်ထမ်းဟောင်း ဂျေဆင် မက်သရူးရဲ့ ရောင်းအကောင်းဆုံးဝတ္ထုကို အခြေခံထားပြီး ဘယ်လောက်ပဲ ကျွမ်းကျင်မှုတွေကိုသုံးသုံး၊ ဘယ်လိုမျိုး ဗလာဒီမာပူတင်ခေတ်က လူနဲ့ ကွန်ပျူတာ သတင်းအချက်အလက်ကို ခိုးယူတာတွေနဲ့ လက်ရှိနိုင်ငံရေးကို ထင်ဟပ်စေတဲ့ ရုရှားသူလျှိုဇာတ်လမ်းကို ဖန်တီးနိုင်တယ်ဆိုတာ ယုံနိုင်ဖို့ခက်တယ်လို့  ကယ်ရင်ဂျိမ်းစ်က ရေးသားထားတာပါ။ နာမည်ကျော် Hunter Games ရုပ်ရှင်ကား ၃ ကားကို ဖန်တီးသူ ဒါရိုက်တာ ဖရန်စစ်လောရန့်စ်က Red Sparrow ရုပ်ရှင်ထဲမှာ ကျွမ်းကျင်မှုလက်ရာ အနည်းငယ်ပဲ  ပြထားပြီး ရုပ်ရှင်ရဲ့ အဆုံးသတ်က စိတ်လှုပ်ရှားဖွယ် အလှည့်အပတ်လေးတွေနဲ့ ဖြစ်ပေမယ့် ၂ နာရီ ၁၉ မိနစ်ကြာ ရုပ်ရှင်အတွက် နောက်ထပ် ၂ နာရီ ၁၅ မိနစ်လောက်ကို သည်းခံပြီး ထပ်ကြည့်ဖို့ မထိုက်တန်ဘူးလို့ ဝေဖန်လိုက်တာပါ။ ရုပ်ရှင်ကားထဲက ဒိုမီနီကာဟာ သူမခန္ဓာကိုယ်နဲ့ ကံကြမ္မာကို အသုံးပြုထိန်းချုပ်ခဲ့တဲ့ အမျိုးသမီး ထောက်လှမ်းရေး ဖြစ်တယ်ဆိုတဲ့ အတွေးကို ပေးချင်ပေမယ့် သူမကို ဝန်းရံထားတဲ့ ရုပ်ရှင်ရဲ့ ပေါ့တန်မှုနဲ့ မိုက်မဲမှုတွေက ဒီအတွေးကို ပျောက်သွားစေတယ်လို့လည်း ဝေဖန်သုံးသပ်သူက ဘီဘီစီသတင်းမှာ တင်ပြထားပါတယ်။
4 years Ago
Up