ဂျနီဖာလိုပက်ဇ်

A d v e r t i s e m e n t With Us

October 31, 2016

ညှို့မင်းသမီး ဂျနီဖာလိုပက်ဇ် အမိုက်စားတင်ဆက်မှုများဖြင့် ဟီလာရီအတွက် မဲဆွယ်စည်းရုံး (ရုပ်သံ)

လက်တင်စူပါစတား အဆိုတော်၊ မင်းသမီး ဂျနီဖာလိုပက်ဇ်ဟာ မဲဆွယ်စည်းရုံးရေး ရှိုးပွဲတခုမှာ အမိုက်စား သရုပ်ဖော်တင်ဆက်မှုတွေနဲ့ ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန်ကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။ Get Out The Vote အမည်ရတဲ့ အဲဒီရှိုးပွဲကို ဖလော်ရီဒါပြည်နယ်၊ မီယာမီမြို့မှာ အောက်တိုဘာ ၂၉ ရက် ညပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး ဂျနီဖာဟာ ခင်ပွန်းဟောင်းဖြစ်တဲ့ မာ့က်အန်ထော်နီနဲ့အတူ ရှိနေခဲ့တာပါ။ အဲဒီရှိုးပွဲကို ဟီလာရီကိုပါ ဖိတ်ထားခဲ့တာဖြစ်ပြီး လက်ချင်းချိတ်ကာ ပရိသတ်ဆီ ဝှေ့ယမ်းနှုတ်ဆက်ခဲ့တာကို တွေ့ရပါတယ်။ ဂျနီဖာဟာ ကြည့်ရှုနေကြတဲ့ ပရိသတ်တွေကို “အခု ကျမတို့ရဲ့ ပထမဦးဆုံးသော အမျိုးသမီးသမ္မတ ဖြစ်လာမယ့်သူကို ဖိတ်ခေါ်ချင်ပါတယ်။ လေးစားပါတယ်ရှင်” လို့ ပြောခဲ့ပါတယ်။ စတိတ်အပြင်အဆင်နောက်ကျောမှာတော့ သက်တံပုံအလံတွေ၊ လူဖြူရဲအရာရှိတဦးက လူမည်းတဦးကို ပွေ့ဖက်နှုတ်ဆက်နေတာတွေ၊ ဒီမိုကရက်တစ်ကွန်ဗင်းရှင်းမှာ မီရှဲလ်အိုဘားမား မိန့်ခွန်းပြောနေပုံတွေနဲ့အတူ ခင်းကျင်းထားခဲ့တာပါ။ အချိန် ၁ နာရီလောက်ကြာအောင် ကျင်းပခဲ့တဲ့ ဒီရှိုးပွဲမှာ ဂျနီဖာဟာ အမေရိကန်နိုင်ငံ အလံပုံ ခါးပတ်နဲ့ အဖြူရောင်နဲ့ အနီရောင်စပ်ဝတ်စုံကို ၀တ်ဆင်ထားခဲ့ကာ သူ့ရဲ့ နာမည်ကျော်သီချင်းတွေဖြစ်တဲ့ Waiting for Tonight, Get Right, Love Makes the World Round, Let’s Get Loud စတဲ့ သီချင်းတွေကို သီဆိုဖျော်ဖြေခဲ့ပါတယ်။ အန်ထော်နီကတော့ ခုလာမယ့်ရွေးကောက်ပွဲဟာ သမိုင်းတွင်မယ့် အခိုက်အတန့် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ ၂ ပတ်လောက်အလိုကတည်းက တခြား ဟောလိဝုဒ် အကျော်အမော်တွေဖြစ်ကြတဲ့ မရဲလ်စထရိ(ပ်)၊ လေဒီဂါဂါ၊ ဂျော့ခ်ျကလူနီ၊ ဘီယွန်းဆေးနဲ့ ကင်မ်ကာဒက်ရှန်တို့ဟာလည်း ဟီလာရီကလင်တန်ကို ထောက်ခံကြောင်း ပြသခဲ့ကြတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ အဆိုတော် ကေတီပယ်ရီဟာ အိုင်အိုဝါပြည်နယ်မှာ ကျင်းပတဲ့ ကွန်ဗင်းရှင်းတခုမှာ ဟီလာရီကလင်တန်ကို ထောက်ခံဖို့ မဲဆွယ် စည်းရုံးခဲ့ပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမှာဖြစ်ပြီး နောက်ဆုံး အကြိုစစ်တမ်းတွေအရ ဟီလာရီကလင်တန်က ဒေါ်နယ်ထရမ့်ကို ပြတ်ပြတ်သားသား အနိုင်ရထားတာ ဖြစ်ပါတယ်။ ဂျနီဖာက “အနာဂတ်ဆီသွားဖို့ ကျမတို့ မှန်ကန်တဲ့လမ်းကို ရယူရပါမယ်။ အဲဒီကိုသွားဖို့ အသင့်တော်ဆုံးသူ ကျမတို့မှာ ရှိနေပါပြီ” လို့ ဟီလာရီကို ရည်ညွှန်းပြောဆိုခဲ့တာပါ။
4 years Ago
Up