ဂေါက်သီးအရွယ် မိုးသီးများ

January 20, 2020

သြစတြေးလျနိုင်ငံ ကင်ဘာရာတွင် ဂေါက်သီးအရွယ် မိုးသီးများ ကြွေကျ

သြစတြေးလျနိုင်ငံရဲ့မြို့တော် ကင်ဘာရာမှာ ဇန်နဝါရီ ၂၀ ရက်က ဂေါက်သီးလုံးလောက်အရွယ် မိုးသီးတွေ ကြွေကျခဲ့တာကြောင့် ကားမှန်တွေ ကွဲကုန်သလို လွှတ်တော် ခြံဝင်းထဲမှာလည်း မိုးသီးတွေ ပြည့်နေပါတယ်။ ဒီလအစောပိုင်းကတော့ လနဲ့ချီပြီး လောင်ခဲ့တဲ့ တောမီးတွေကြောင့် ကမ္ဘာ့အဆိပ်သင့်ဆုံး လေထုက ရစ်သိုင်းနေလို့ မြို့ခံတွေ အခန်းထဲမှာပဲ နေကြဖို့ အာဏာပိုင်တွေက တိုက်တွန်းခဲ့ပါတယ်။ နယူးဆောက်သ်ဝေးနဲ့ ဗစ်တိုးရီးယားပြည်နယ်တွေမှာ မိုးကြိုးမုန်တိုင်းတွေနဲ့အတူ မိုးသီးကြွေတာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသ ဟောကိန်းထုတ်သူတွေက သတိပေးထားပါတယ်။ ဒီပြည်နယ်တွေမှာ ကျန်ခဲ့တဲ့ လေးလတာ ကာလအတွင်း တောမီးလောင်ခဲ့လို့ လူ ၂၉ ယောက်နဲ့ တောရိုင်းတိရစ္ဆာန်တွေ ခန့်မှန်းခြေ ကောင်ရေ သန်း တထောင်လောက် သေဆုံးခဲ့ပါတယ်။ နယူးဆောက်သ်ဝေး ပြည်နယ်ထဲမှာ ကြီးမားတဲ့ ဖုန်မုန်တိုင်း ဇန်နဝါရီ ၁၉ ရက်က တိုက်ခတ်ခဲ့လို့ ဒေသခံတွေ ထိတ်လန့်တုန်လှုပ်ခဲ့ပါတယ်။ ကော်လီမြို့တလွှား ဖုန်မုန်တိုင်း အကြီးအကျယ် တိုက်ခတ်နေပုံ ရုပ်သံတွေကို လူမှုကွန်ရက်မီဒီယာ သုံးစွဲသူက အင်တာနက်ပေါ် တင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကတော့ သြစတြေးလျနိုင်ငံအတွင်း ဗစ်တိုးရီးယား၊ နယူးဆောက်သ်ဝေးနဲ့ ကွင်းစလန်ပြည်နယ်တွေမှာ မိုးအကြီးအကျယ် ရွာခဲ့ပါတယ်။ မဲလ်ဘုန်းမြို့ရဲ့ ဆင်ခြေဖုံး မြို့နယ်တွေမှာတော့ ဂေါက်သီးလုံးလောက် အရွယ်ရှိတဲ့ မိုးသီးတွေ ဇန်နဝါရီ ၁၉ ရက်က ကြွေကျခဲ့ပါတယ်။
1 year Ago
Up