ဂူအမ်

August 15, 2017

ခြိမ်းခြောက်မှုရှိသော်လည်း ဘေးကင်းရာရွှေ့ပြောင်းရန် အစီအစဉ်မရှိဟု ဂူအမ် အာဏာပိုင်များ ပြော

မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့တိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေရှိပေမယ့် ကျွန်းပေါ်ကလူတွေကို ဘေးကင်းရာရွှေ့ဖို့ အစီအစဉ် မရှိဘူးလို့ ဂူအမ်ကျွန်း အရာရှိတွေက သြဂုတ် ၁၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။ တိုက်ခိုက်မယ့် အခွင့်အလမ်းက အင်မတန်နည်းပါးတယ်လို့ လုံခြုံရေးအကြံပေး ဂျော့ခ်ျ ချာဖော်ရော့စ်က ပြောသလို လုံခြုံရေး ခြိမ်းခြောက်မှုအဆင့်က မပြောင်းမလဲ ဒီအတိုင်းရှိနေတယ်လို့ ဂူအမ်အုပ်ချုပ်ရေးမှူး အက်ဒီ ဘာဇာ ကာလ်ဗိုကလည်း ပြောပါတယ်။ "ဒီသီတင်းပတ်အစောပိုင်းက သမ္မတ ဒေါ်နယ်ထရမ့်ကရော စစ်ဦးစီးအရာရှိချုပ် ကယ်လီကပါ ဖုန်းဆက်ခဲ့ပြီး အမေရိကန်မြေနဲ့ မဟာမိတ်တွေအားလုံးကို တထောင်ရာခိုင်နှုန်း ထောက်ပံ့မယ်လို့ ပြောခဲ့တယ်၊ ကျနော်တို့ကို ကာကွယ်စောင့်ရှောက်ထားတယ်" လို့ ကာလ်ဗိုက ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကြောင့် ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်နိုင်ချေကိုသာ စိုးရိမ်တယ်လို့ ဂူအမ်ကျွန်းပေါ်က စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒါပေမယ့် ဘေးကင်းတယ်လို့ ခံစားရကြောင်း ပြောရင်း ခရီးသည်တွေက ကမ်းခြေမှာ အပန်းဖြေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဂူအမ် ဧည့်သည်ဗျူရို ဥက္ကဋ္ဌ ဂျွန်နသန် ဒီနိုက်ကလည်း "ခုချိန်မှာ ခရီးစဉ်ဖျက်သိမ်းကြောင်း အကြောင်းကြားတဲ့ ဘယ်လိုအစီရင်ခံစာမှ မရှိသေးဘူး၊ အရာအားလုံး သူ့လမ်းကြောင်းပေါ် သူ ရှိနေတုန်းပဲ" လို့ ပြောပါတယ်။ အမေရိကန်က စစ်ရေးအရ မောင်းတင်ထားသလို အပြည့်အဝ ပြင်ဆင်ပြီးပြီလို့ သမ္မတ ဒေါ်နယ်ထရမ့်က ကျန်ခဲ့တဲ့သီတင်းပတ်က တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဆီကို ဖုန်းဆက်ခဲ့ပြီး ငြိမ်းချမ်းတဲ့ ဆုံးဖြတ်ချက် ချဖို့၊ သက်ဆိုင်သူ အားလုံးကလည်း တင်းမာမှုကို မြင့်စေမယ့် လုပ်ရပ်တွေ စကားတွေကို ရှောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
4 years Ago

August 11, 2017

မြောက်ကိုရီးယားက ဒုံးကျည်ဖြင့်ပစ်မည့်အပေါ် ဂူအမ်ကျွန်းနေသူများ၏ စိုးရိမ်ပူပန်မှု ဖွင့်ဟချက်

မြောက်ကိုရီးယားက အမေရိကန်နိုင်ငံ ဂူအမ်ကျွန်း (Guam) ကို ဒုံးကျည်နဲ့ပစ်ခတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းအပေါ် ကျွန်းမှာနေထိုင်သူတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ စိုးရိမ်ပူပန်မှုတွေအကြောင်း  စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ ဂူအမ်ကျွန်းဟာ ပစိဖိတ်အနောက်ပိုင်း မိုက်ခရိုနီးရှားရှိ အမေရိကန် အစောင့်အရှောက်ခံ ကျွန်းတကျွန်းဖြစ်ပြီး လှပတဲ့ကမ်းခြေတွေ ရှိတဲ့အတွက် ထင်ရှားပါတယ်။ အသက် ၂၉ နှစ်အရွယ် ဂူအမ်ဒေသခံတဦးက “ကျနော်က ဖခင်တဦးဆိုတော့ ဒီကိစ္စက စိတ်ပူစရာပါပဲ။ ကျနော့်ဆန္ဒကတော့ အဲဒီလို တိုက်ခိုက်တာမျိုး မဖြစ်စေချင်ပါဘူး။ ကမ္ဘာ့စူပါ ပါဝါတွေအနေနဲ့ သူတို့ပြဿနာကို တခြားနည်းနဲ့ ဖြေရှင်းစေချင်ပါတယ်” လို့ ပြောပါတယ်။ အသက် ၂၅ နှစ်အရွယ် စတိုးဆိုင်ကြီးကြပ်ရေးမှူးတဦးက “အဲဒီကိစ္စနဲ့ပတ်သက်လို့ သိပ်စိတ်မပူပါဘူး။ စိတ်ပူနေကြတဲ့သူတွေ ရှိပါတယ်။ ကျမအမြင်ပေါ့လေ။ အဲဒီလိုလုပ်ရင် အတော်မိုက်မဲရာကျမယ်။ ဘာလို့လဲဆိုတော့ ကျမတို့ကို အမေရိကန် ကာကွယ်ပေးလိမ့်မယ်လို့ ယုံကြည်နေလို့ပါပဲ” လို့ ပြောပါတယ်။ အသက် ၃၅ နှစ်အရွယ် တရုတ်ခရီးသွားတဦးက “သူတို့လွှတ်လိုက်တဲ့ ဒုံးကျည်တွေက လမ်းခုလတ်မှာတင် ပျက်ကျသွားမှာပဲ။ ဒီတော့ စိတ်ပူစရာ ဘာမှမရှိဘူး။ ဂူအမ်ကျွန်းမှာ  လျှောက်လည်မယ်။ ပျော်ပျော်ကြီး ဈေးဝယ်ထွက်ပစ်မယ်” လို့ ပြောပါတယ်။ ဂူအမ်ကျွန်း အုပ်ချုပ်ရေးမှူး အက်ဒီဘာဇာ ကယ်ဗိုက “ကံမကောင်းတာက အဲဒီကိစ္စအတွက် ဂူအမ်ကျွန်းမှာ ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့ အချိန်လုံလုံလောက်လောက် ရှိမယ်လို့ မျှော်လင့်ပါတယ်။ တချိန်တည်းမှာပဲ စစ်ဘက်ဆိုင်ရာနဲ့ အများပြည်သူတွေကို ဘာတွေလုပ်ဖို့ လိုအပ်သလဲဆိုတာ အသိပေးဖို့ လိုအပ်ပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဂူအမ်ကျွန်းမှာ လူဦးရေ ၁၆၃၀၀၀ လောက်ရှိပြီး ရေတပ်သင်္ဘောအုပ်စု၊ လေတပ်စခန်းနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တို့ ပါဝင်တဲ့ အမေရိကန်စစ်စခန်း တည်ရှိပါတယ်။
4 years Ago
Up