ဂူအတွင်း

July 1, 2018

ဂူအတွင်း ပျောက်ဆုံးနေသည့် ကလေးများကို ရှာဖွေရာတွင် တိုးတက်မှုအချို့ရှိလာ

ကယ်ဆယ်ရေးရေငုပ်သမားတွေက ရေနစ်မြုပ်နေတဲ့ ဂူအတွင်းပိုင်း ကီလိုမီတာ အနည်းငယ်အထိေောက်ရှိနိုင်ခဲ့တာကြောင့် ပျောက်ဆုံးနေတဲ့ ဘောလုံးသမားလေးတွေကို ရှာဖွေတွေ့ရှိဖို့ မျှော်လင့်ချက်တွေက ပိုမိုခိုင်မာလာခဲ့ပြီလို့ pattayaone သတင်းမှာ ဖော်ပြပါတယ်။ ဘောလုံးသမားလူငယ် ၁၂ ဦးနဲ့ သူတို့ရဲ့ နည်းပြဖြစ်သူတို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်း ဂူထဲကိုဝင်သွားကတည်းက ပြင်ပနဲ့အဆက်အသွယ်ပျက်ခဲ့တာဖြစ်ပြီး တစ်ပတ်အကြာ အခုချိန်ထိ ဂူထဲမှာပိတ်မိနေတယ်လို့ ယူရဆပါတယ်။ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ ထိုင်းအစိုးရတာဝန်ရှိသူတွေက နေ့ညမပျက် အားသွန်ခွန်စိုက်ဆောင် ရွက်နေပေမယ့် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုက ရှာဖွေရေးကို အဟန့်အတားဖြစ်စေကာ ဝင်ပေါက်ကိုလည်း ပိတ်ဆို့စေခဲ့ပါတယ်။ ဒါပေမယ့် ဇွန်လ ၃ဝ ရက်နေ့မှာတော့ ထိုင်းနေဗီဆီးလ်တပ်ဖွဲ့ဝင်တွေဟာ လှိုဏ်ဂူအတွင်းမှာရှိတဲ့ တီပုံသဏ္ဌာန် ဆုံမှတ်နေရာကို ရောက်ရှိနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီနေရာဟာ ပျောက်ဆုံးနေတဲ့ ကလေးတွေရှိမယ်လို့ ယုံကြည်ရတဲ့နေရာနဲ့ နှစ် သို့မဟုတ် သုံးကီလိုမီတာအကွာမှာ ရှိနေတယ်လို့ ထင်ကြောင်း ချင်းရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ကယ်ဆယ်ရေးရေငုပ်သမားတွေ အရင်ကလည်း အဲ့ဒီနေရာကို ရောက်ရှိခဲ့ဖူးပေမယ့် ရေကြီးရေလျှံမှုတွေကြောင့် နောက်ပြန်ဆုတ်ခဲ့ရတာပဲဖြစ်ပါတယ်။ ကယ်ဆယ်ရေးသမားတွေက လိုဏ်ဂူထဲက ရေတွေကို ရေစုပ်စက်တွေနဲ့ အဆက်မပြတ် စပ်ထုတ်ခဲ့ခြင်းကြောင့် လိုဏ်ဂူထဲက ရေပမာဏ သိသိသာသာ လျော့ကျလာတာလည်း ဖြစ်ပါတယ်။ “အခြေအနေတွေက တနေ့ထက် တနေ့ပိုမိုတိုးတက်ကောင်းမွန်လာပြီ” လို့လည်း ချင်းရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဂူအတွင်း ပိတ်မိနေသူတွေဟာ အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အတွင်းမှာရှိတဲ့ လူငယ်တွေဖြစ်ပြီး သူတို့ရဲ့ နည်းပြဖြစ်သူနဲ့အတူ ဂူထဲကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဂူအတွင်း ပိတ်မိနေသူတွေကို ရှာဖွေနေတာဟာ အခုဆိုရင် တစ်ပတ်ကျော်လာပြီဖြစ်ပြီး ဒီဖြစ်စဉ်ကို နိုင်ငံတကာကပါ အထူးစိတ်ဝင်တစား စောင့်ကြည့်လာပြီဖြစ်ပါတယ်။
3 years Ago
Up