ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဆီးရီးယားနိုင်ငံ အီဒလစ်ဒေသ တည်ငြိမ်ရေး မနှောင့်နှေးစေဖို့ ရုရှားနဲ့ တူရကီကို ဇွန်လ ၁၈ ရက်နေ့မှာ မေတ္တာရပ်ခံလိုက်ပါတယ်။
ဆီးရီးယား အနောက်မြောက်ဘက် အီဒလစ်ဒေသမှာ တိုက်ပွဲတွေ မြင့်တက်လာတာကို စိုးရိမ်နေပြီး ဆီးရီးယားစစ်ပွဲထဲမှာ ပါဝင်တိုက်ခိုက်တဲ့ နိုင်ငံအရေအတွက် တိုးလာတာက အထူးအန္တရာယ်များတဲ့ အခြေအနေဆီ ဆိုက်ရောက်လာစေတယ်လို့ ဂူတာရက်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အကြမ်းဖက်နှိမ်နင်းတဲ့ စစ်ဆင်ရေးတွေတောင်မှ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု ဥပဒေတွေနဲ့အညီ လုပ်ဖို့လိုတယ်လို့ ဂူတာရက်စ်က ဆက်ပြောပါတယ်။
အီဒလစ်ဒေသမှာ တိုက်ခိုက်မှုတွေ လျှော့ချဖို့ ရုရှားနဲ့ တူရကီတို့ ကြားဝင်စေ့စပ်ပြီး ပြီးခဲ့တဲ့နှစ်က သဘောတူခဲ့ကြပါတယ်။
ဒါပေမယ့် မကြာသေးခင် လတွေက သဘောတူညီချက်ပျက်ပြီး အဲဒီဒေသမှာ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် သိန်းချီတဲ့ အရပ်သားတွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
အီဒလစ်ဒေသဟာ ၈ နှစ်ကြာ ဆီးရီးယား ပြည်တွင်းစစ်အပြီး သူပုန်တွေ နောက်ဆုံးခြေကုပ်ယူထားတဲ့ ဒေသလည်း ဖြစ်ပါတယ်။
4 years Ago