အာဆီယံ ၁၈ ပြိုင်ပွဲရဲ့အုပ်စုပွဲစဉ်တွေကို စက်တင်ဘာ ၉ ရက်က ဆက်လက်ကျင်းပခဲ့ရာမှာ မြန်မာယူ ၁၈ အသင်းက ဘရူနိုင်းယူ ၁၈ အသင်းကို ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ပထမဆုံးနိုင်ပွဲရခဲ့ပါတယ်။
မြန်မာယူ ၁၈ အသင်းဟာ အဖွင့်ပွဲမှာ အင်ဒိုနီးရှားကို ၂ ဂိုး ၁ဂိုးနဲ့ ရှုံးနိမ့်ထားလို့ ဒီပွဲမှာ ဖိဖိစီးစီး ကစားခဲ့ပြီး ပွဲချိန် ၉ မိနစ်မှာပဲ ကွင်း လယ်ကစားသမားအံ့မော်ဦးက ဦးဆောင်ဂိုးစတင်သွင်းယူပါတယ်။
ပွဲချိန် ၂၄ မိနစ်နဲ့ ၄၅ မိနစ်တွေမှာ နိုင်ကိုကိုနဲ့ ၀င်းနိုင်ထွန်းတို့ တစ်ဂိုးစီထပ်သွင်းလို့ ပထမပိုင်းမှာ မြန်မာယူ ၁၈ အသင်းက ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း မြန်မာအသင်းကပဲ ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့ပြီး နောက်ထပ်အနိုင်ဂိုးတွေကို တိုက်စစ်မှူး ၀င်းနိုင်ထွန်းက ၃ ဂိုး၊ နိုင်ကိုကိုက ၁ ဂိုး ထပ်သွင်းယူနိုင်ခဲ့လို့ ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
အခြားပွဲစဉ်မှာတော့ ဗီယက်နမ်အသင်းက ဖိလစ်ပိုင်အသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
မြန်မာအသင်းပါဝင်တဲ့ အုပ်စု (B) မှာ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားအသင်းတွေက ရမှတ် ၆ မှတ်စီနဲ့ အုပ်စုကို ဦးဆောင်နေပြီး မြန်မာအသင်းက ရမှတ် ၃ မှတ်နဲ့ အုပ်စုတတိယနေရာမှာ ရပ်တည်နေပါတယ်။
ဘရူနိုင်းနဲ့ပွဲမှာ အနိုင်ရခဲ့လို့ ပျော်ရွှင်မိပေမယ့် ဂိုးရမယ့်အခွင့်အရေးတွေ အများကြီး ရခဲ့လို့ ၇ ဂိုးထက် ပိုပြီးသွင်းနိုင်ခဲ့သင့်တယ်လို့ မြန်မာယူ ၁၈ နည်းပြ ဘန်လာဘီက ပွဲအပြီးမှာ ပြောပါတယ်။
မြန်မာယူ ၁၈ အသင်းဟာ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ဖို့အတွက် လက်ကျန်ပွဲစဉ် ၂ ပွဲ ဖြစ်တဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်အသင်းတို့နဲ့ ပွဲတွေမှာ နိုင်ပွဲတွေ ရယူဖို့ လိုအပ်မှာဖြစ်ပါတယ်။
5 years Ago