ဂုဏ်ယူနေရုံနဲ့

March 3, 2020

ဂုဏ်ယူနေရုံနဲ့ မလုံလောက်တဲ့ သားရှင်တွေရဲ့အခန်းကဏ္ဍ…

မနက်အရုဏ်မလင်းမီ အိပ်ရာက နိုးထလာတာနဲ့ ထမင်းချက်၊ ဈေးသွား၊ ဆွမ်းတော်တင်၊ အိမ်သားတွေအတွက် နံနက်စာပြင်၊ အိုးခွက်ပန်းကန်ဆေး၊ အိမ်သန့်ရှင်းရေးတွေ လုပ်ပြီးတာနဲ့ အဝတ်တွေ ဆပ်ပြာရေစိမ်၊ သမီးလေးကို ချော့မြူထိန်းကျောင်း၊ ပြီးရင် ရေချိုးပေး၊ နို့တိုက်၊ တရေးပြန်သိပ်၊ တနေကုန် အိမ်အလုပ် တကုပ်ကုပ်နဲ့ မနားရတဲ့ဘဝကို တခါတလေ စိတ်ပျက်မိတတ်သူကတော့ မကျော့ကျော့မေပဲ ဖြစ်ပါတယ်။ နေ့ခင်းဘက်မှာ ဘယ်အချိန်ရှိမှန်း နာရီမကြည့်မိပေမယ့် ဝမ်းဗိုက်ထဲက တဂွီဂွီ တဂွမ်ဂွမ် အသံမြည်လာမှ ထမင်းစားဖို့ ဇလုံဆွဲပြီး ထမင်းဟင်းပုံကာ စားမယ်ပြင်တိုင်း ပုခက်ထဲက သမီးငယ်လေးရဲ့ တအင့်အင့် တအဲ့အဲ့ လူးလွန့်နိုးလာသံကြောင့် ထမင်းဇလုံကို ဘေးသို့ပြန်ချ၊ သမီးငယ်ကို ချီယူနို့တိုက်ရင်း ထမင်းမဝခင် ရပ်လိုက်ရတဲ့အဖြစ်တွေကလည်း နေ့စဉ် တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ပါ။ ဒီအချိန်မှာ နို့စို့နေတဲ့ သမီးငယ်လေးကို ငုံ့ကြည့်ရင်း သူ့မှာ အတွေးတစ်စဝင်လာပါတယ်။ သမီးငယ်လေး ကြီးလာရင် အိမ်ထဲမှာ အိမ်အလုပ်တွေ လက်မလည်အောင်လုပ်ရင်း ထမင်းစားချိန်တောင် မသိတော့တဲ့ သူ့အမေလို အိမ်ရှင်မတစ်ဦး ဖြစ်လာမှာလား။ ဒါမှမဟုတ် သူဝါသနာပါရာ အနုပညာ၊ အားကစား၊ အခြားအတတ်ပညာတစ်ခုခုကို ထူးချွန်အောင် လေ့လာသင်ကြားပြီး သူ့ဘဝကို သူ စိတ်ဝင်စားတဲ့ အလုပ်တွေနဲ့ လျှောက်လှမ်းခွင့်ရတဲ့ မိန်းကလေးတစ်ယောက် ဖြစ်မလား။ သားကြီးကိုယ်ဝန်ရတော့ “သားယောက်ျားလေး”လို့သိတာနဲ့ ဝမ်းအသာကြီးသာပြီး၊ ဂုဏ်ယူမဆုံး ဖြစ်နေတဲ့ ခင်ပွန်းသည်ကြောင့် သူလည်း ကျေနပ်ပျော်ရွှင်ခဲ့တယ်။ သားမမွေးခင်ကတည်းက သူ့ပညာရေးအတွက် နိုင်ငံတကာအဆင့်မီ မူကြိုကျောင်းစထားဖို့ လင်မယားနှစ်ယောက် တိုင်ပင်ခဲ့ကြပြီး ငယ်စဉ်ကတည်းက ဘာသာစကားများများ သင်ကြားပေးဖို့ မူကြိုတက်ကတည်းက အင်္ဂလိပ်စာအပြင် တရုတ်စာပါ တွဲသင်ပေးဖို့အထိ စိတ်ကူးယဉ်ခဲ့ကြပါတယ်။ တကယ်မွေးလာတော့လည်း မူကြိုအရွယ်မှာတင် သူ ကြံ့ခိုင်ကျန်းမာဖို့ အားကစားကို အချိန်ပေးစေသလို ဂီတအနုပညာပိုင်းမှာလည်း ကလေးဝါသနာအရ လုပ်နိုင်အောင် ဆောင်ရွက်ပေးဖို့ လင်မယားနှစ်ယောက် စိတ်တူ ကိုယ်တူ ဆောင်ကြဉ်းပေးခဲ့ကြတယ်။ သားကြီး မွေးပြီးတော့ ကလေးထပ်မယူတော့ဖို့ နှစ်ဦးသား ဆုံးဖြတ်ထားပေမယ့် သမီးလေး ကိုယ်ဝန်ထပ်ရလာတော့ လင်မယားနှစ်ယောက် သားနဲ့သမီး ဆိုလည်း ပြည့်စုံတာပေါ့ဆိုပြီး နှစ်သိမ့်နိုင်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် သားကြီးမျက်နှာကိုကြည့်ပြီး “အား”တစ်ခုအဖြစ် မှတ်ယူထားတဲ့ သူတို့လင်မယား နှစ်ယောက်အတွက် သမီးငယ်လေးကျတော့ မျှော်လင့်ချက်တွေ၊ အားတက်မှုတွေနဲ့ မွေးဖွားလာခဲ့တာ ဟုတ်ပါရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေ ပြန်မေးမိတယ်။ သမီးလေး မွေးလာချိန်က သက်ငယ်မုဒိမ်းမှုတွေ တဖြည်းဖြည်း ထူပြောလာချိန်၊ အထူးသဖြင့် နိုင်ငံကျော် နေပြည်တော်က ဗစ်တိုးရီးယားလေးအမှုလို မူကြိုအရွယ်မှာတင် လုံခြုံပါတယ်ဆိုတဲ့ မူကြိုကျောင်းထားရင်း ဖြစ်ခဲ့ရတာဆိုတော့ လရင့်လာတဲ့ကိုယ်ဝန်နဲ့အတူ မွေးလာမယ့်သမီးလေးအတွက် လင်မယားနှစ်ယောက်စလုံး စိုးရိမ်သောကတွေ တဖြည်းဖြည်းနဲ့ ဖြစ်လာရပြီ။ မွေးလာတဲ့ သမီးငယ်လေးအပေါ် အများကြီး မျှော်လင့်မထားသလို သူ့ဘဝလေး အေးချမ်းလုံခြုံနေရုံနဲ့ ပြည့်စုံလုံလောက်ပါပြီလို့သာ လင်မယားနှစ်ယောက်စလုံး ပြိုင်တူ ယူဆမိပြီ။ သမီးမိန်းကလေးဆိုတာ မိခင်အနားမှာရှိနေတာ အကောင်းဆုံးလို့ လင်မယားနှစ်ယောက်အတွေးတွေ တူခဲ့ပြီ။ အိမ်နီးချင်းဖြစ်တဲ့ သမီးနှစ်ယောက်အမေ ဒေါ်ထွေးထွေးကလည်း “အိမ်က သမီးတွေကိုတော့ အိမ်က လူတစ်ယောက်ယောက် မပါဘဲ ဘယ်မှမလွှတ်ဘူး။ အိမ်ထဲမှာပဲ နေခိုင်းတယ်။ သူစိမ်းနဲ့လည်း မထည့်ဘူး” ဆိုပြီး သူတို့ လင်မယားရဲ့ စိုးရိမ်မှုတွေကို အတည်ပြုပေးပြန်တယ်။ ဒါပေမယ့်လည်း ကံအားလျော်စွာ Gender လို့ ခေါ်တဲ့ ကျား၊ မ ရေးရာ အမြင်ဖွင့်သင်တန်းတစ်ခုကို မမျှော်လင့်ပဲ ရောက်သွားချိန်မှာတော့ သူတို့ရဲ့သမားရိုးကျ စဉ်းစားချက်တွေဟာ ပြန်လည်ဆင်ခြင်သုံးသပ်စရာ ဖြစ်နေပြီလို့ မကျော့ကျော့မေ နားလည်လာခဲ့ပါတယ်။ “တကယ်က ငါ့သားလေး မုဒိမ်းကောင် မဖြစ်ရအောင်လို့ စဉ်းစားရမယ့်အစား တခုခုဆို သမီးမိန်းကလေးကို စိတ်ပူ၊ တခုခုဆို မိန်းကလေးကိုတာချ၊ တခုခုဆို မိန်းကလေးကိုပဲ ထိန်းချုပ်ဖို့လုပ်။ အဲဒီလိုထိန်းချုပ်ဖို့လုပ်လေလေ ဟိုဘက်က မုဒိမ်းကောင်တွေက လွှတ်နေလေလေ ”လို့ အမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်နေတဲ့ “အခရာ” အမျိုးသမီးအဖွဲ့ တည်ထောင်သူ ဒေါ်ထားထားက ထောက်ပြခဲ့တာပါ။ “တကယ်တမ်းက သားယောကျာ်းလေးတွေကို သားသားမေမေမှာ ရှိသလိုမျိုး အခြားမိန်းကလေးတွေမှာလည်းရှိတဲ့ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်လိင်အင်္ဂါတွေကို နာကျင်အောင် မလုပ်ရဘူး” စတဲ့ သူတို့ နားလည်နိုင်မယ့် ဥပမာလေးတွေနဲ့တွဲပြီး ငယ်စဉ်ကတည်းက ရှင်းပြထားသင့်တယ်။ နောက်ပြီး “ဒီလိုလုပ်ရင်တော့ ထောင်ကျမယ်၊ ထောင်ဆိုတာ ဘယ်လိုမျိုး..” ဆိုတာကို ငယ်ငယ်ကတည်းက သေသေချာချာ ရှင်းပြပြောပြပေးရမယ်လို့ သူက ဆက်ပြောပါတယ်။ “ယောက်ျားလေးပဲ ထောင်ကျကျ တန်းကျကျ” ဆိုတဲ့စကားဟာ တကယ်တမ်းတော့ ယောက်ျားလေးတွေကို မကောင်းမှုတွေ၊ ရာဇဝတ်မှုတွေ လုပ်ဖြစ်အောင် အားပေးနေတာ မဟုတ်ပါလား။ ပတ်ဝန်းကျင်နဲ့ မိဘအုပ်ထိန်းသူတွေက ယောက်ျားဆိုရင် ကျားကျားလျားလျား နေရမယ်၊ ဆေးလိပ်၊ အရက်၊ အိမ်ထောင်မပြုခင် လိင်ကိစ္စ စတဲ့ မဟုတ်တာတွေ လုပ်ဖူးရမယ် ဆိုပြီး ယောက်ျားဖြစ်မှုကို အတည်ပြုပေးကြပါတယ်။ ယောက်ျားလေးတစ်ယောက်ဟာ နူးညံ့သိမ်မွေ့နေရင် “အခြောက်” လို့ ခေါ်ကြတဲ့ လိင်သဘာထား ခံယူမှုကွဲပြားသူ (LGBT) ဖြစ်သွားမှာ စိုးရိမ်တဲ့အတွက် ယောက်ျားစစ်စစ်လို့ သူတို့သတ်မှတ်ထားတဲ့ စံနှုန်းထဲကို အတင်းဆွဲထည့်ကြတယ်လို့လည်း ဒေါ်ထားထားက ဆက်လက်ရှင်းပြပါတယ်။ သမီးမိန်းကလေးတွေ မမွေးလာရင်၊ ဒါမှမဟုတ် မွေးလာတဲ့ သမီးမိန်းကလေးတွေကို ဟိုမသွားရ၊ ဒီမလာရ၊ ဒီအချိန် မထွက်ရ၊ ဒီလိုမဝတ်ရ၊ ဒီလိုမနေရလို့ ဖိနှိပ်ကန့်သတ်လိုက်ရုံနဲ့ မုဒိမ်းမှုတွေ လျော့နည်းသွားမှာလား။ သမီးမိန်းကလေးတောင် မမွေးချင်တော့ဘူးလို့ ဒီနေ့မိဘတွေ ညည်းညူနေကြသလို တကယ်ပဲ သမီးမိန်းကလေးတွေ မွေးလာတာက ပြဿနာတစ်ခုဖြစ်နေသလားဆိုတာ မိဘအားလုံးက သေချာစဉ်းစားကြရမှာဖြစ်ပါတယ်။ “ကိုယ်တုံးလုံးနဲ့သွားရင်တောင် ယဉ်ကျေးပါတယ်ဆိုတဲ့အသိုင်းအဝိုင်းမှာ ဘယ်ကောင်လေးကမှ လက်ညှိုးတောင် မထိုးရဲတာမျိုးဖြစ်နေရမှာ။ အဲဒီလို သွန်သင်ကြရမယ့်အစား မိန်းကလေးတောင်မှ မမွေးသင့်တော့ဘူးဆိုတော့ ဒါက လုံးလုံးလွဲနေတာပဲ” လို့ ဒေါ်ထားထားကတော့ ပြတ်ပြတ်သားသားပြောပါတယ်။ လူတွေဟာ မုဒိမ်းမှုတွေ ဘာကြောင့်ဖြစ်ရသလဲ၊ ဘယ်သူတွေက မုဒိမ်းမှုကို ဖန်တီးနေသလဲဆိုတဲ့ ပြဿနာရဲ့ အခြေခံအရင်းအမြစ်ကို မရှာကြပဲ ရပ်ရွာထဲမှာ မုဒိမ်းမှုတွေဖြစ်လေတိုင်း သမီးမိန်းကလေးတွေကို ကန့်သတ်ပိတ်ပင်မှုတွေ လုပ်တတ်ကြတာ ထုံးစံတစ်ခုဖြစ်နေပါတယ်။ တကယ်တမ်းတော့ မုဒိမ်းမှုတွေဖြစ်ရခြင်းအကြောင်းကို အဖြေရှာကြည့်ရင် မုဒိမ်းကောင်တွေ ရှိနေလို့သာ မုဒိမ်းမှုတွေ ဖြစ်လာတာမဟုတ်ပါလား။ ဒီမုဒိမ်းကောင်တွေက ဘယ်သူတွေလဲ။ လူကြီးလူငယ်မရွေး မုဒိမ်းကောင်ဖြစ် လာတတ်သလို မုဒိမ်းကောင်တွေဟာ မွေးကင်းစသားယောက်ျားလေးဘဝကနေ လူကြီးဖြစ်လာကြသူတွေပါ။ သားယောက်ျားလေးဟာ နူးညံ့သိမ်မွေ့နေရင် သူတပါး မတရားအနိုင်ကျင့်မှာ စိုးရိမ်တတ်ကြတဲ့ မိဘတွေ ကိုယ်တိုင်၊ သားဖြစ်သူကို ပတ်ဝန်းကျင်က “ယောက်ျားမပီသဘူး” ဆိုပြီး ပြောဆိုဝေဖန်မှာကို ရှက်ကြတဲ့မိဘတွေကိုယ်တိုင်၊ ကြမ်းတမ်းတဲ့ဟန်၊ မာကျောတဲ့သဏ္ဍာန်နဲ့ ကာယဗလအားကိုးပြီး ဘယ်အရာမဆို လုပ်ရဲကိုင်ရဲ သူဆိုတဲ့ ယောကျ်ားဖြစ်မှုပုံစံခွက်ထဲ သားတွေကို သွင်းပစ်ခဲ့ကြတာက အကြမ်းဖက်သမားကြီးတွေအဖြစ် တွန်း ပို့နေတဲ့သဘောသက်ရောက်နေတာမဟုတ်ပါလား။ ပတ်ဝန်းကျင်ကလည်း ယောကျ်ားလေးပဲ ဘာလုပ်လုပ် ဘာဖြစ်ဖြစ် သင့်တယ်လို့ ယူဆပြီး မျက်နှာလွဲထားတတ်ကြသလို အပြစ်လုပ်ရင်တောင် ဒါက မသင့်တော်ဘူး၊ ဒီလိုမပြောသင့်ဘူး၊ ဒါတော့လုံးဝမလုပ်သင့်ဘူး စသဖြင့် သားယောက်ျားလေးတွေကို ဖိဖိစီးစီးပြောဆိုဆုံးမတဲ့ မိဘတွေ နည်းပါတယ်။ သားယောက်ျားလေးဟာ လိင်အကြောင်းပဲပြောပြော၊ လိင်ရုပ်ရှင်ကားပဲကြည့်ကြည့်၊ ယုတ်စွအဆုံး ကျောင်းက မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာအရ တစုံတရာနစ်နာအောင် ပြောဆိုနေရင်တောင် မိဘတွေက ယောက်ျားလေးမို့ အန္တရာယ်ရှိတယ်လို့ မမြင်တဲ့အတွက် လစ်လျူရှုထားတတ်ကြပါတယ်။ အမှန်တကယ်က မုဒိမ်းကျင့်တဲ့ရာဇဝတ်မှုကို ကျူးလွန်တတ်တဲ့ ယောကျာ်းလေးတွေကို မုဒိမ်းကောင်တွေ မဖြစ်လာစေဖို့ ငယ်စဉ်ကတည်းက မိဘဆရာတွေက သွန်သင်ဆုံးမခဲ့ရမှာ မဟုတ်ပါလား။ သားတွေကို သောက်စားမူးယစ်တာကို အကြောင်းပြပြီး မိန်းကလေးတွေကို မစော်ကားမိစေဖို့၊ မိန်းကလေးတွေ ဘယ်လိုပဲ ဝတ်စားထားပါစေ၊ ဒါဟာ ကိုယ်က အဓမ္မပြုကျင့်ဖို့၊ လိင်ပိုင်းဆိုင်ရာထိပါးဖို့၊ အကြမ်းဖက်ဖို့ မဟုတ်ဘူးဆိုတာ ငယ်စဉ်ကတည်းက နားလည်နေအောင် အချိန်ပေးပြောပြဖို့လိုတယ်လို့ ဒေါ်ထားထားက ဆိုပါတယ်။ ဒီလိုဆိုရင်ဖြင့် မုဒိမ်းကောင်ဖြစ်လာနိုင်ဖို့ အခွင့်အလမ်းတွေ နည်းသွားတဲ့အတွက် မုဒိမ်းမှုဖြစ်ပွားနှုန်းတွေလည်း လျော့ကျသွားနိုင်မှာဖြစ်ပါတယ်။ “တကယ်တော့ မုဒိမ်းကောင် မဖြစ်သင့်ပဲနဲ့ ပြည်သူလူထုရဲ့သွန်သင်မှုတွေ၊ မိဘတွေရဲ့ပုံသွင်းမှုတွေပဲ သူတို့ကို မုဒိမ်းကောင်ဖြစ်ဖို့တွန်းပို့တာပါ။ တကယ်ဆို မုဒိမ်းကောင်တွေ မရှိရင် မုဒိမ်းမှုဆိုတာ မရှိဘူး။ အဲဒီတော့ မုဒိမ်းကောင်တွေ မမွေးမိအောင်၊ မုဒိမ်းကောင်တွေ ဖြစ်မလာအောင် မိဘတွေက၊ ပါတ်ဝန်းကျင်က ကြိုတင် တားမြစ်ပေးဖို့၊ ပညာပေးတတ်ဖို့လိုပါတယ်” လို့ ဒေါ်ထားထားက ဆက်ပြောပါတယ်။ တဘက်မှာကျတော့ သွက်လက်ထက်မြက်နေတဲ့ မိန်းကလေးတယောက်ကို မိန်းကလေးဆိုတာ နှူးညံ့ရမယ်၊ သိမ်မွေ့ရမယ်၊ အရှက်အကြောက်ကြီးရမယ်ဆိုပြီး ပတ်ဝန်းကျင်က လမ်းညွှန်ပုံသွင်းလိုက်ကြတဲ့အခါ ဒီမိန်းကလေးဟာ ပင်ကိုယ်ဟန်ပျောက်ပြီး ရှက်ကြောက်ငြိမ်သက်သူကြီးအဖြစ် ကြီးပြင်းလာရပြန်ပါတယ်။ အရာရာကို ရှက်ကြောက်တတ်တဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ အန္တရာယ်တခုခုဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်တော့ဘဲ အနိုင်အထက်ပြုကျင့်လိုသူရဲ့ လက်ထဲမှာ ပြုသမျှနုရတဲ့အဖြစ်ကို ရောက်ရပြန်ပါတယ်။ ဒီလိုမတရားမှုကို ဖော်ထုတ်ဖို့တောင် ပတ်ဝန်းကျင်ကပဲ သူတို့ရဲ့အတွေးအမြင်ဟောင်းတွေနဲ့ ပိတ် ပင် ကန့်သတ်ပြီး ရေငုံနှုတ်ပိတ်နေစေချင်ကြပါတယ်။ မိန်းကလေးကိုသာ နစ်နာသူကြီးအဖြစ် ပုံဖော်ကြပြီး “ဖက်ပေါ်ဆူးကျလည်းဖက်ပေါက်၊ ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်”ဆိုတဲ့အမြင်တွေနဲ့ မုဒိမ်းကောင်က မရှက်ရဘဲ မုဒိမ်းကျင့်ခံရသူကသာ ရှက်စရာဆိုတဲ့ လူ့ပတ်ဝန်းကျင်အမြင်တွေ ကြီးစိုးနေပါသေးတယ်။ တကယ်လို့သာ ပင်ကိုယ်မူလ သွက်လက်ထက်မြက်မှုရှိတဲ့ မိန်းကလေးတွေကို အရည်အသွေးမပျောက်အောင် ပြုစုပျိုးထောင်ပေးထားရင် သူဟာအန္တရာယ်နဲ့ တွေ့ရင်တောင်မှ ပြန်လည်ခုခံနိုင်တဲ့၊ လွတ်မြောက်အောင် ရုန်းကန်နိုင်တဲ့ အတွေးခွန်အားတွေ ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် လူ့ပတ်ဝန်းကျင်နဲ့ မိဘတွေက သတ်မှတ်ပေးလိုက်တဲ့ စံနှုန်းတွေကြောင့်သာ မိန်းကလေးတွေဟာ မုဒိမ်းမှုရဲ့သားကောင်ဘဝကို ရောက်ကြရတာလို့ သုံးသပ်တာလည်း မမှားပါဘူး။ သမီးမိန်းကလေးမွေးလာမှာ ကြောက်နေရတဲ့ အခုလိုအခြေအနေဟာ သမီးမိန်းကလေးတွေကို မိန်းကလေး တွေရရှိထားတဲ့ မူလအခွင့်အရေးတွေ ပြန်လည်ရုပ်သိမ်းခံရပြီး ရှေးရှေးတုန်းကလို သမီးမိန်းကလေးဆိုရင် အိမ်ထဲက အိမ်ပြင်မထွက်ရဘူး၊ အိမ်မှုကိစ္စနိုင်နင်းရမယ်၊ ပညာရေးမှာဆိုရင်လည်း သေစာရှင်စာ တတ်ရင် တော်ပြီဆိုတဲ့ ခေတ်ဟောင်းလမ်းကို ပြန်ကွေ့သွားတော့မှာလား။ ဒီလိုဖြစ်လာပြီဆိုရင်တော့ မိန်းကလေးတွေအတွက်သာ ဆုံးရှုံးတာမဟုတ်ဘဲ ထူးချွန်တဲ့အနာဂတ်မျိုးဆက်သစ် ကလေးတွေ မွေးထုတ်ဖို့ တိုင်းပြည်အနေနဲ့ပါ အများကြီးထိခိုက်နစ်နာမှာဖြစ်ပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းအတွက် ဒီလိုကျားမဆိုင်ရာ စံနှုန်းသတ်မှတ်ချက်တွေက မရှိသင့်တော့လို့ လူတွေရဲ့ သဘောထားအမြင်တွေကို ဦးစွာပြောင်းရမယ်လို့ ဒေါ်ထားထားက ဒီလိုထောက်ပြခဲ့တာပါ။ “တကယ်တော့ သမီးမိန်းကလေးတွေ မုဒိမ်းကျင့်ခံရအောင် တွန်းအားပေးနေတာ မိဘအုပ်ထိန်းသူ ကိုယ်တိုင် ပါပဲဆိုတဲ့အသိကို ကျမတို့ မပြောင်းမချင်း ဒီစနစ်ကြီး မပြောင်းဘူး။ ဒီအပြုအမူတွေ မပြောင်းဘူး” မုဒိမ်းကောင်တွေအတွက် စည်းမျဉ်းစည်းကမ်း မရှိသရွေ့၊ မုဒိမ်းကောင်မှာသာ အပြစ်ရှိတယ်၊ ရာဇဝတ်မှုကျူး လွန်သူဖြစ်တယ်ဆိုတဲ့ အမြင်တွေ၊ အသိတွေ မရှိသရွေ့၊ အစိုးရက ဘယ်လိုလုပ်လုပ်၊ မိန်းကလေးတွေကို ကြိုက်တာဝတ်ခိုင်း တကိုယ်လုံးဖုံးထားပြီး အိမ်ထဲမှာ ပိတ်လှောင်ထားလည်း မုဒိမ်းမှုတွေကတော့ ရှိနေဦးမှာပါ။ မိဘအုပ်ထိန်းသူတွေ အပါအဝင် လူ့ပတ်ဝန်းကျင်တခုလုံးက စွဲမြဲနေတဲ့ လိင်ခွဲခြားတဲ့ ပုံစံခွက် အမြင်သဘော ထားတွေကို ပြောင်းလဲပေးရင်ဖြင့် သက်ငယ်မုဒိမ်းနဲ့ မုဒိမ်းမှုတွေ၊ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုတွေ တစတစ လျော့ကျသွားမယ့်အပြင် မိန်းကလေးတွေဟာ လူ့အဖွဲ့အစည်းရဲ့ ဦးဆောင်ဦး ရွက်ပြုရမယ့် အခန်းကဏ္ဍတွေမှာ ရှေ့တန်းရောက်လာမှာမလွဲပါ။ ဒီလိုဆိုတော့လည်း ပထမဦးဆုံး လုပ်ရမှာက သားတွေကို ပတ်ဝန်းကျင်မှာ ဝင်ဆန့်အောင်၊ အဖက်ဖက်က ထူးချွန်အောင်၊ လေ့ကျင့်သင်ကြားပေးမယ်ဆိုတဲ့ ကျမတို့လိုမိဘတွေ၊ သမီးကိုတော့ မိဘမျက်စိအောက်မှာသာ ထားတော့မယ်လို့ စိတ်ကူးနေတဲ့ ကျမတို့လိုမိဘတွေမှာ၊ သားတွေကို အမျိုးသမီးတွေအပေါ် လေးစားတန်ဖိုးထားပြီး လိင်ပိုင်းဆိုင်ရာအရ ခွဲခြားဆက်ဆံတဲ့၊ စော်ကားနိမ့်ချတဲ့၊ ထိပါးလို့ရတယ်ဆိုတဲ့ အမြင်သဘောထား မျိုးတွေ မရှိအောင်၊ ခွန်အားဗလအားကိုးပြီး ထောင်အပြင်တန်းမရှိဘူးလို့ သင်ကြားနေတဲ့ပတ်ဝန်းကျင်ကနေ ရုန်းထွက်နိုင်အောင် သွန်သင်လေ့ကျင့်ပေးရမယ့် တာဝန်ကြီးတစ်ခုကို မလွဲမသွေ လုပ်ဆောင်ကြဖို့ လိုအပ်နေပြီ မဟုတ်ပါလား။ ရှင်ငြိမ်း (hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ကူးယူဖော်ပြသည်။)
2 years Ago
Up