ဂုဏ်ထူးဖြင့်အောင်မြင်သူ ၆ သောင်းကျေ

August 9, 2020

တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးဖြင့်အောင်မြင်သူ ၆ သောင်းကျော်ရှိ၊ ရန်ကုန်တိုင်းက အများဆုံးဖြစ်

ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြသူတွေထဲမှာ ဂုဏ်ထူးရသူပေါင်း ၆ သောင်းကျော်ရှိပြီး ရန်ကုန်တိုင်းမှာ အများဆုံးဖြစ်ပါတယ်။ တနိုင်ငံလုံးမှာ ဂုဏ်ထူးရသူပေါင်း ၆၁၃၇၅ ယောက်ရှိပြီး ၆ ဘာသာဂုဏ်ထူး ၇၉၇ ယောက်၊ ၅ ဘာသာဂုဏ်ထူး ၁၈၃၁ ယောက်၊ ၄ ဘာသာ ဂုဏ်ထူးရသူ ၂၉၇၆ ယောက်၊ ၃ ဘာသာ ဂုဏ်ထူးရသူ ၅၆၆၂ ယောက်၊ ၂ ဘာသာ ဂုဏ်ထူးရသူ ၁၂၉၅၇ ယောက်နဲ့ ၁ ဘာသာ ဂုဏ်ထူးရသူ ၃၇၁၅၂ ယောက်ရှိပါတယ်။ ရန်ကုန်တိုင်းထဲမှာ စာမေးပွဲဖြေဆိုသူ ၄၀၉၆၃ ယောက်ရှိပြီး ဂုဏ်ထူးရသူပေါင်းက ၁၁၇၄၁ ယောက်ရှိပါတယ်။ ဒီထဲမှာ ၆ ဘာသာဂုဏ်ထူးရသူက ၂၃၅ ယောက်ရှိတာကြောင့် တနိုင်ငံလုံးအနေနဲ့ဆိုရင် ဒုတိယအများဆုံးဖြစ်ပါတယ်။ မန္တလေးတိုင်းကတော့ ဂုဏ်ထူးရသူ စုစုပေါင်းမှာ တနိုင်ငံလုံးအနေနဲ့ တတိယအများဆုံး ဖြစ်ပေမယ့် ၆ ဘာသာဂုဏ်ထူးရသူ ၃၄၅ ယောက်ရှိတာကြောင့် အများဆုံးဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းကတော့ ဂုဏ်ထူးရသူပေါင်း ၁၀၄၄၁ ယောက်ရှိတာကြောင့် ဒုတိယအများဆုံးဖြစ်ပြီး ၆ ဘာသာဂုဏ်ထူးရသူ ၄၅ ယောက်ပဲရှိလို့ တနိုင်ငံလုံးအနေနဲ့ တတိယအများဆုံးဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာ ၆ ဘာသာ ဂုဏ်ထူးရသူ ၄၉ ယောက်ရှိပြီး ဂုဏ်ထူးရသူပေါင်းက ၈၀၀၄ ယောက်ရှိပါတယ်။ ၆ ဘာသာဂုဏ်ထူးရသူမရှိတဲ့ ပြည်နယ်နဲ့တိုင်းတွေကတော့ ကယား၊ ချင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ နိုင်ငံခြား စာစစ်ဌာနတို့ ဖြစ်ပါတယ်။ ဘာသာရပ်အလိုက် ဂုဏ်ထူးရကြတာမှာတော့ ဇီဝဗေဒဘာသာရပ်ကို ဂုဏ်ထူးရသူ ၃၂၃၁၁ ယောက်ရှိလို့ အများဆုံးဖြစ်ပြီး သင်္ချာဂုဏ်ထူးရသူ ၁၇၈၅၄ ယောက်၊ ဓာတုဗေဒ ဂုဏ်ထူးရသူ ၁၄၅၀၅ ယောက်ရှိပြီး အင်္ဂလိပ်စာကိုတော့ ဂုဏ်ထူးရသူ ၂၇၀၅ ယောက်ပဲ ရှိလို့ အနည်းဆုံးဖြစ်ပါတယ်။
3 years Ago
Up