ဂုဏ်ပြုပွဲပြုလုပ်

May 18, 2018

လူငယ်ဘောလုံးပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် မြန်မာကိုယ်စားပြုကစားသမားကို ဂုဏ်ပြုပွဲပြုလုပ်

ရုရှားနိုင်ငံမှာ ကျင်းပမယ့် အသက် ၁၂ နှစ်အောက် Football for Friendship (F4F) လူငယ်ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တယောက်တည်း အရွေးခံရတဲ့ သလ္လာဝတီစီးတီးကလပ်က ဘောလုံးကစားသမား မောင်မင်းခန့်သူအား ဂုဏ်ပြုပွဲကို မေ ၁၇ ရက်နေ့ ညနေက မုံရွာမြို့ ပြည်သူ့အားကစားကွင်း ဖူဆယ်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ မောင်မင်းခန့်သူဟာ မော်ဒိုဖာ၊ ဆာမိုအာ၊ ပါကစ္စတန်၊ စပိန် စတဲ့နိုင်ငံတွေက လူငယ် ဘောလုံးသမားတွေနဲ့အတူ အသင်းပေါင်း ၃၂ သင်းရှိတဲ့အထဲက Gbarial အသင်းမှာ နောက်တန်းကနေ ကစားရမှာလည်း ဖြစ်ပါတယ်။ ဒီ Football for Friendship (F4F) လူငယ်ဘောလုံးပြိုင်ပွဲပြီးတာနဲ့ ၆ ကြိမ်မြောက် နိုင်ငံတကာကလေးများဖိုရမ် (The Sixth International Football For Friendship Children’s Forum) ကိုလည်း တက်ရောက်ရမှာ ဖြစ်ပါတယ်။ “အဓိကကတော့ အနာဂတ်လူငယ်လေးတွေ လမ်းမှားမရောက်စေရန်၊ ကျန်းမာကြံ့ခိုင်တဲ့ လူငယ်တွေဖြစ်စေရန်၊ တိုင်းဘောလုံးအဆင့်အတန်း တိုးတက်စေရန်နှင့် နိုင်ငံ့လက်ရွေးစင် ဘောလုံးသမားတွေ ထွက်ပေါ်လာစေရန် ရည်ရွယ်ပြီး လက်ရွေးစင်ဟောင်းတွေ စုစည်းကာ ၂၀၁၃ ကနေ သလ္လာဝတီစီးတီးကလပ်ကို တည်ထောင်ခဲ့တာပါ။ နှစ်စဉ် နွေရာသီ ဘောလုံးသင်တန်း ၁ လကို ကလပ်နှင့် အား/ကာပေါင်းပြီး ကျင်းပခဲ့တယ်။ အဲဒီထဲက ထူးချွန်တဲ့ကလေးတွေကို ရွေးထုတ်ပြီး ဘောလုံးအကယ်ဒမီ၊ အား/ကာသိပ္ပံတို့က လာရွေးတယ်။ စုစုပေါင်း ၃၅ ယောက်ရှိပြီ။ ၁၇ ယောက်ကတော့ နိုင်ငံတကာပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်တွေ ရနေပြီ။ ဒီကလေးက ဘောလုံးမှာ ပါရမီရှင်လေးပါ”လို့ သလ္လာဝတီစီးတီးကလပ် တည်ထောင်ရာမှာ ပါဝင်သူ ဦးအောင်နိုင်ကြည်က ပြောပါတယ်။ ဂုဏ်ပြုပွဲကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းတို့ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဂုဏ်ပြုဆုငွေတွေလည်း ပေးအပ်ခဲ့ပါတယ်။ “ဘောလုံးကို ၂ တန်းလောက်ကတည်းက ဝါသနာပါခဲ့တာပါ။ ညနေခင်းတိုင်း ပုံမှန်လေ့ကျင့်ခဲ့တယ်။ ၃ နှစ်လောက်ရှိပြီ။ ဘောလုံးဘက်ကော၊ စာကော အာရုံစိုက်ရတယ်။ အခု ၈ တန်းတက်ရမှာပါ။ အရွေးခံရတော့ အရမ်းပျော်ပါတယ်။ ကျနော့်ကြိုးစားမှုတွေ အရာထင်တော့ အမေ၊ အဖေလည်း အရမ်းဝမ်းသာပါတယ်။ ဘောလုံးကလွဲရင်တော့ ကျန်တာ ဝါသနာမပါပါဘူး။ ကြီးရင် လက်ရွေးစင်ဖြစ်အောင် ကြိုးစားသွားမယ်”လို့ မောင်မင်းခန့်သူက ပြောပါတယ်။ ရုရှားနိုင်ငံမှာ ကျင်းပမယ့် အသက် ၁၂ နှစ်အောက် Football for Friendship (F4F) လူငယ်ဘောလုံးပြိုင်ပွဲက ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ကျင်းပမှာဖြစ်တဲ့အတွက် ရုရှားနိုင်ငံကို သွားရောက်ဖို့လည်း ကြိုတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒီလိုဂုဏ်ပြုပွဲလုပ်ပေးခြင်းအားဖြင့် နောက်နောင်မှာလည်း အခုလို ထူးချွန်တဲ့ အားကစားသမား လူငယ်လေးတွေ ဆက်လက်မွေးထုတ်ပေးနိုင်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။
4 years Ago
Up