ဂီနီနှင့် မာလီ

September 17, 2021

ဂီနီနှင့် မာလီ အာဏာသိမ်းမှုများအပေါ် ECOWAS ဒေသတွင်းအဖွဲ့ အပြင်းအထန်တုံ့ပြန်

ဂီနီနိုင်ငံရဲ့စစ်အာဏာသိမ်းအုပ်စုနဲ့ မာလီနိုင်ငံရဲ့အာဏာသိမ်းမှုနောက်ပိုင်း အသွင်ကူးပြောင်းမှုကို နှေးကွေး အောင်လုပ်နေသူတွေကို အနောက်အာဖရိကရဲ့အဓိကဒေသတွင်းအုပ်စုဖြစ်တဲ့  (ECOWAS)က စက်တင်ဘာ ၁၆ ရက်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပြီး စစ်တပ်အာဏာသိမ်းမှုတွေကို အပြင်းထန်ဆုံး တုံ့ပြန်လိုက်ပါတယ်။ 

ဒါဟာ ဂါနာနိုင်ငံရဲ့မြို့တော် အက်ကရာမှာ ကျင်းပတဲ့ အနောက်အာဖရိကနိုင်ငံများ  စီးပွားရေးအသိုက်အဝန်း (ECOWAS) ရဲ့ အရေးပေါ်ထိပ်သီးအစည်းအဝေးမှာ ဒီဆုံးဖြတ်ချက်ကို သဘောတူခဲ့တာပါ။ 

ဒါဟာ ပြီးခဲ့တဲ့အပတ်က ဂီနီနိုင်ငံက အာဏာသိမ်းမှုကိုတုံ့ပြန်ဖို့နဲ့ မနှစ်တုန်းက မာလီနိုင်ငံမှာ အာဏာသိမ်းပြီးကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေအုပ်ချုပ်မှုကို တိုးတက်မှုနှေးကွေးနေတာကို သတိပြုရိပ်မိပြီးနောက်ပိုင်း တုံ့ပြန်တာ ဖြစ်ပါတယ်။ 

ဒေသဆိုင်ရာ ပြည်နယ်အကြီးအကဲတွေက ဂီနီနိုင်ငံရှိ အာဏာသိမ်းစစ်အုပ်စုအဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ဆွေမျိုးသားချင်းတွေကို ငွေကြေးပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားပြီး  ခရီးသွားလာခွင့်တွေကို လည်း ပိတ်ပင်တားဆီးထားဖို့ ဆုံးဖြတ်လိုက်ပြီး ဂီနီသမ္မတ အယ်လ်ဖာကွန်ဒီကို ပြန်လွှတ်ပေးဖို့နဲ့ အချိန်တိုအတွင်း အသွင်ကူးပြောင်းရေးလုပ်ဖို့ တောင်းဆိုထားပါတယ်။ 

ရွေးကောက်ပွဲတွေကို ခြောက်လအတွင်း ကျင်းပသင့်တယ်လို့ ECOWAS ကော်မရှင်ဥက္ကဋ္ဌ ယန်းကလောက်ဒီကတ်စီဘောက်က အစည်းအဝေးမှာ ပြောပါတယ်။ 

ဒေသတွင်းအုပ်စုဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွက် ရွေးကောက်ပွဲတွေ ကျင်းပဖို့ သဘောတူညီမှုကို ကတိတည်ဖို့နဲ့ နောက်လမှာ ရွေးကောက်ပွဲလမ်းပြမြေပုံကို တင်ပြဖို့တွေကို တောင်းဆိုပြီး မာလီနိုင်ငံရဲ့အသွင်ကူးပြောင်းရေးအစိုးရကို ပိုမိုဖိအားပေးခဲ့တယ်လို့ အစည်းအဝေး အပြီး ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို ဟန့်တားနှောင့်ယှက်တဲ့ မာလီနိုင်ငံရှိ ဘယ်သူမဆို ဂီနီနိုင်ငံမှာ ချမှတ်ထားတဲ့ တူညီတဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို ကြုံတွေ့ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

1 month Ago
Up