တူရကီနိုင်ငံမှာ ဂီတဖျော်ဖြေပွဲတခု ကျင်းပနေချိန် လက်လုပ်ဗုံးတလုံး ပေါက်ကွဲမှုဖြစ်ခဲ့လို့ ပရိသတ် ၆ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
နိုဝင်ဘာ ၁၉ ရက် ညပိုင်းမှာ ကျင်းပခဲ့တဲ့ နာမည်ကျော် ပေါ့ပ်စတားတဦးဖြစ်တဲ့ အယ်လီနာ တီလ်ကီရဲ့ ဂီတဖျော်ဖြေပွဲမှာ ခုလိုဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
တူရကီနိုင်ငံအရှေ့တောင်ပိုင်း၊ ဒီရာဘက်ကီရာမြို့မှာ ကျင်းပခဲ့တဲ့ ဂီတဖျော်ဖြေပွဲမှာ အယ်လီနာ တီလ်ကီဟာ စတိတ်စင်ပေါ်မှာ ဆူညံတဲ့ ဂီတသံတွေနဲ့အတူ သီဆိုဖျော်ဖြေနေခဲ့တာပါ။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ရုတ်တရက်ပဲ ပရိသတ်တွေကြား အထိတ်တလန့် အော်ဟစ်သံတွေ ကြားခဲ့ရပြီးနောက်မှာတော့ ပရိသတ်တွေဟာ ထွက်ပေါက်ဆီ စုပြုံတိုးထွက်ဖို့ ကြိုးစားခဲ့ကြတာကို တွေ့ရပါတယ်။
အယ်လီနာကတော့ ထိခိုက်ဒဏ်ရာမရရှိဘဲ သိပ်မကြာခင်မှာပဲ သူ့ရဲ့ တွစ်တာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် “ကျမတို့ဟာ မိတ်ဆွေကောင်းတွေပါပဲ” လို့ ရေးခဲ့တာကို တွေ့ရပါတယ်။
ဒီဗုံးအမျိုးအစားဟာ လက်လုပ်ဗုံးအမျိုးအစားဖြစ်ပြီး လက်ရှိမှာတော့ ရဲတွေဟာ ဗုံးပေါက်ကွဲမှုနောက်ကွယ်က တရားခံဖမ်းမိစေဖို့ အပူတပြင်း ရှာဖွေစုံစမ်းနေကြတယ်လို့ ဆိုပါတယ်။
ခုလိုကျင်းပပြုလုပ်မှုကနေ ရရှိတဲ့ ငွေတွေကို တူရကီနိုင်ငံမှာ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်နေကြသူတွေကို လှူဒါန်းကူညီနိုင်ဖို့ အယ်လီနာ တီလ်ကီက ဖျော်ဖြေပွဲပြုလုပ်ခဲ့တာပါ။
6 years Ago