ဂီတပညာရှင် ဟေးယစ်

February 12, 2019

ဝီဂါတိုင်းရင်းသား ဂီတပညာရှင် ဟေးယစ် သက်ရှိထင်ရှားရှိကြောင်း ရုပ်သံ တရုတ်ဖြန့်ချိ

ဝီဂါတိုင်းရင်းသား ကဗျာဆရာနဲ့ ဂီတပညာရှင် အဗ်ဒူရာဟင်းမ် ဟေးယစ် သက်ရှိထင်ရှားရှိနေကြောင်း ရုပ်သံတခုကို မီဒီယာကနေ ဖြန့်ချိလိုက်ပါတယ်။ ဟေးယစ် သေဆုံးပြီဆိုတဲ့ အစီရင်ခံစာတွေကို ကိုးကားပြီး ရှင်းကျန်းပြည်နယ်ဟာ လူ့အခွင့်အရေး ချိုးဖောက်ကြောင်း တူရကီအစိုးရက ပြင်းထန်တဲ့ စကားတွေနဲ့ ပြစ်တင်ရှုတ်ချလိုက်တဲ့အပေါ် တရုတ်အစိုးရက ခုလိုတုံ့ပြန်လိုက်တာပါ။ တရုတ် နိုင်ငံတကာ ရေဒီယိုရဲ့ တူရကီ ဘာသာစကားဌာနက ဒီရုပ်သံကို အင်တာနက်ပေါ် ဖေဖော်ဝါရီ ၁၀ ရက်က တင်ခဲ့ပါတယ်။ မီးခိုးရောင် ဆွယ်တာကို ဝတ်ထားတဲ့ အမျိုးသားက သူ့ကိုယ်သူ ဟေးယစ်လို့ ပြောရင်း ကျန်းမာရေး ကောင်းတယ်လို့ ရုပ်သံထဲမှာ ကြေညာပါတယ်။ “ဟေးယစ်ဟာ အသက်ရှင်နေရုံမက ကျန်းမာရေးလည်း အင်မတန်ကောင်းတယ်၊ တူရကီအစိုးရရဲ့ ကြေညာချက်က အဓိပ္ပာယ်မရှိတဲ့ အလိမ်အညာပဲ” လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဟွာချွန်းယဉ်က ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြောပါတယ်။ တရုတ်အနောက်စွန်း ရှင်းကျန်းပြည်နယ်မှာရှိတဲ့ ဝီဂါတိုင်းရင်းသားတွေအတွက် ထိန်းသိမ်းရေး စခန်းတွေကို ပိတ်ပစ်ဖို့ တူရကီနိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်အစိုးရကို ဖေဖော်ဝါရီ ၉ ရက်က ဆော်သြခဲ့ပါတယ်။ သန်းနဲ့ချီတဲ့ မွတ်စလင် ဝီဂါတိုင်းရင်းသားတွေကို ထိန်းသိမ်းထားတဲ့ စခန်းတွေဟာ လူသားထုအတွက် ကြီးကျယ်တဲ့ အရှက်ရစရာကိစ္စလို့ မွတ်စလင် အင်အားကြီးနိုင်ငံ တူရကီက ပြောပါတယ်။
2 years Ago
Up