အင်္ဂလန်နိုင်ငံမှာ အောက်တိုဘာ ၈ ရက်နေ့က ကျင်းပတဲ့ ဖျော်ဖြေပွဲတခုမှာ ဂီတတီးဝိုင်း Neck Deep နဲ့ ပွဲလုံခြုံရေးတွေ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။
အင်္ဂလန်နိုင်ငံ အလယ်ပိုင်း နော်တင်ဟမ်မြို့က Rock City စင်မြင့်မှာ ကျင်းပတဲ့ ဂီတပွဲမှာ Neck Deep တီးဝိုင်းက သီချင်း ၂ ပုဒ်မြောက် သီဆိုနေချိန် စုပြုံလာတဲ့ ပရိသတ်ကို လုံခြုံရေးတွေက စပြီး စီမံခန့်ခွဲမှု လွဲမှားခဲ့ပါတယ်။
ပရိသတ်တွေကို လုံခြုံရေးတွေက လူအုပ်ထဲက အတင်းဖယ်ထုတ်ခဲ့လို့ တီးဝိုင်းအဖွဲ့ဝင်တွေက သတိပေးခဲ့ရာကနေ ခိုက်ရန်ဖြစ်ပွားခဲ့တာပါ။
အောက်တိုဘာ ၁၁ ရက်နေ့ ရုပ်သံထဲမှာ လူတွေစုပြုံတိုးလို့ စင်မြင့်အတားအဆီး နေရာဆီ ရောက်လာပြီး လုံခြုံရေးတွေက အဝေးကို ဖယ်ထုတ်ခဲ့တဲ့ ပရိသတ်တဦးကို တီးဝိုင်းရဲ့ ပင်တိုင်အဆိုတော် ဘန်ဘာလိုးက ဆွဲတင်လိုက်တာ တွေ့ရပါတယ်။ အဲ့ဒီနောက် လူတွေ ပရမ်းပတာဖြစ်ကုန်တာကို တွေ့ရပါတယ်။
ရုပ်သံထဲမှာ စင်မြင့်ရှေ့ တီးဝိုင်းအဖွဲ့ဝင်တွေနဲ့ လုံခြုံရေးတွေ ခိုက်ရန်ဖြစ် ထိုးကြိတ်ကန်ကျောက်နေတာ မြင်ရပြီး ပေါ့ပ်ပန့်က်တေးဂီတဝိုင်းရဲ့ အဖွဲ့ဝင်တွေက ဝိုင်းကူညီဖို့ စင်မြင့်အနောက်ဘက်ကနေ ပြေးလာတာ တွေ့ရပါတယ်။
မိနစ်အနည်းငယ်အကြာမှာ ခိုက်ရန်ဖြစ်မှု ရပ်တန့်သွားပေမယ့် အဆိုတော် ဘာလိုးက ရန်ဖြစ်လို့ သူတို့တီးဝိုင်း ရပ်နားတယ်ဆိုတဲ့အကြောင်း စင်မြင့်ပေါ်က ပြောခဲ့ပါတယ်။
Rock City ပိုင်ရှင်တွေဖြစ်တဲ့ ဒီအိတ်ခ်ျပီ မိသားစုက လက်ရှိအချိန်မှာ အခင်းဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲလို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
Rock City ပိုင်ရှင်တွေက “စောင့်ကြည့်ကင်မရာတွေကို ပြန်ကြည့်တာနဲ့ မျက်မြင်သက်သေတွေရဲ့ ပြောစကားအရ လုံခြုံရေးတွေရဲ့ လုပ်ဆောင်ချက် အချိုးမကျတာ မတွေ့ရပါဘူး။ လူအုပ်ပြုံတိုးလာတာကို တာဝန်အရ တုံ့ပြန်တာပဲ ရှိပါတယ်” လို့ ပြောလိုက်ပါတယ်။
တီးဝိုင်းကို မကြည့်လိုက်ရတဲ့ ပရိသတ်တွေအတွက် ဝမ်းနည်းပါကြောင်း ပြောကြားပြီး မကြာခင် နောက်ထပ် သတင်းထုတ်ပြန်မှု လုပ်သွားမယ်လို့ Rock City ပိုင်ရှင်တွေက ပြောပါတယ်။
ပရိသတ်တဦးကတော့ ပွဲဖျက်သိမ်းလို့ စိတ်ပျက်ပေမယ့် လုံခြုံရေးတွေက အရမ်းကြမ်းတမ်းကြောင်း၊ တီးဝိုင်းအနေနဲ့ တခုခုလုပ်ရမှာဖြစ်လို့ ဒီလိုလုပ်တာ မှန်ကန်ကြောင်း ပြောပါတယ်။
Neck Deep ဂီတအဖွဲ့ကတော့ “ကျနော်တို့ရဲ့ ပရိသတ်တွေ လုံခြုံဖို့က ကျနော်တို့ရဲ့ ပထမဦးစားပေးဖြစ်တယ်။ ကျနော်တို့ရဲ့ ဘယ်ပွဲမဆို ဖျော်ဖြေတဲ့ဂီတကို အားလုံး လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ်နဲ့ ခံစားဖို့ အကာအကွယ်ရတဲ့ ပတ်ဝန်းကျင် ဖြစ်သင့်တယ်။ နောက်ပွဲတွေမှာ ဒါမျိုး ဘယ်တော့မှ ထပ်မဖြစ်ဖို့ ပိုမိုလုပ်ဆောင်သွားမယ်” လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားကြောင်း မေရာသတင်းမှာ အောက်တိုဘာ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago