ဂီတဇာတ်မြူးရုပ်ရှင်-Cats(နမူ နာ)

December 17, 2019

ပေါ့ပ်စတား တေလာဆွစ်ဖ် ပါဝင်သည့် ပြဇာတ်ဆန်ဆန် ဟောလိဝုဒ်ဂီတဇာတ်မြူးရုပ်ရှင်-Cats(နမူ နာ)

နာမည်ကျော်ပေါ့ပ်အဆိုတော် Taylor Swift ပထမဆုံး ထူးထူးခြားခြား ပါဝင်သရုပ်ဆောင်ထားတဲ့ ဟောလိဝုဒ်ဂီတဇာတ်မြူးရုပ်ရှင်-Cats ကို လာမယ့် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Universal Pictures က ဖြန့်ချိမယ့် ဒီရုပ်ရှင်ကားကိုတော့ The King's Speech ၊ The Danish Girl စတဲ့ နာမည်ကြီး ရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင် ဗြိတိန်-သြစတြေးလျရုပ်ရှင်ဒါရိုက်တာ Tom Hooper က ရိုက်ကူးပုံ ဖော်ပေးထားတာပါ။ Cats ရုပ်ရှင်ဟာ ၂၀ ရာစုရဲ့ အထင်ရှားဆုံးစာရေးဆရာ ကဗျာဆရာတဦးထဲမှာ ပါ ဝင်တဲ့ ဗြိတိန်ကဗျာဆရာ T.S Elliot ရဲ့ Old Possum’s Book of Practical Cats စာအုပ်ကို အခြေခံပြီး ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ဘရော့ဒ်ဝေး စင်တင်ဂီတပြဇာတ်အနေနဲ့ ကပြခဲ့ဖူးပြီး အောင်မြင်မှု ရရှိခဲ့ကာ ရုပ်ရှင်အနေနဲ့ ရိုက်ကူးမှုကတော့ ဒါ ပထမဆုံး ဖြစ်ပါတယ်။ ပုံမှန်ရုပ်ရှင်ကားတွေလို မဟုတ်ပဲ Broadway ပြဇာတ်ပုံစံအတိုင်း တင်ဆက်ရိုက်ကူးထားတဲ့ ဒီကားထဲမှာတော့ ကြောင်မျိုးနွယ်စုတွေထဲက အရိုက်အရာဆက်ခံမယ့် ကြောင်ကို ရွေးချယ်ရင်း နေရာလုကြတဲ့ အကြောင်းကို နောက်ခံတေးဂီတ၊ အပြင်အဆင်၊ ပါဝင်သရုပ်ဆောင်သူ Castsတွေအားလုံးရဲ့ ကြောင်ပုံစံနဲ့ သရုပ်ဆောင်မှုတွေနဲ့ ဘယ်လို ဖန်တီးထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ Taylor Swift နဲ့အတူ တခြားသရုပ်ဆောင်တွေအနေနဲ့ အမေရိကန် အဆိုတော် သရုပ်ဆောင်မင်းသမီး Jennifer Hudson၊ ဗြိတိန်သရုပ်ဆောင်မင်းသား James Corden စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialouge တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ Taylor Swift ကိုယ်တိုင် သီဆိုထားတဲ့ ရုပ်ရှင်ဇာတ်ဝင်သီချင်း Beautiful Ghosts ဟာ ရွှေကမ္ဘာလုံးဆု အကောင်းဆုံးရုပ်ရှင်သီချင်းဆုအနေနဲ့ ဆန်ခါတင်စာရင်းထဲမှာ ပါဝင်နေခဲ့ပါတယ်။ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၅၉ သန်း အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကိုတော့ Box Office မှာ အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅ သန်းနဲ့ သန်း ၂၀ ကြား ရရှိနိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။
2 years Ago
Up