ဂိုးသမား ဟန်ဒါဆင်

September 23, 2020

ဂိုးသမား ဟန်ဒါဆင်၏  ပွဲဦးထွက်လက်စွမ်းကို ဆိုးလ်ရှား ကျေနပ်အားရ

ဂိုးသမား ဒင်းဟန်ဒါဆန်ရဲ့ မန်ချက်စတာယူနိုက်တက် ပွဲဦးထွက် လက်စွမ်းကို နည်းပြ ဆိုးလ်ရှားက ကျေနပ်နေပါတယ်။ မန်ယူနိုက်တက်အသင်းဟာ လူတန်တောင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်း ဖလားပွဲမှာ ဟန်ဒါဆန်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးတွေကို မာတာ၊ ရက်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့က သွင်းယူပေးခဲ့တာဖြစ်ပြီး ဟန်ဒါဆန်ဟာလည်း အသင်းအတွက် အရေးပါတဲ့ ကာကွယ်မှုတချို့ကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ဟန်ဒါဆင်ဟာ မန်ယူနိုက်တက်အကယ်ဒမီထွက် ကစားသမားတစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ရှက်ဖီးလ်အအသင်းကို တစ်နှစ် အငှားထွက်ကစားခဲ့ရပါတယ်။ သူဟာ ရှက်ဖီးလ်အသင်းမှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာကြောင့် အခုရာသီမှာ မန်ယူနိုက်တက်အသင်းဘက်က ပြန်လည်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဟန်ဒါဆန်ဟာ မန်ယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် တစ်နေရာအတွက် အဓိက ဂိုးသမား ဒီဂီယာနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး သူ့ရဲ့ပွဲဦးထွက်လက်စွမ်းကတော့ ဒီယှဉ်ပြိုင်မှုအတွက် အဆင်သင့်ဖြစ်နေပြီ ဆိုတာကို ပြသနေပါတယ်။ လူတန်တောင်းနဲ့ ပွဲအပြီးမှာ ဆိုးလ်ရှားက “အပြုသဘောဆောင်တဲ့ တိုးတက်မှုတချို့ကို မြင်တွေ့ ခဲ့ရပါတယ်။ ကျနော်တို့ စိတ်ချရတဲ့ ဂိုးသမားတစ်ဦးကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ကျနော်တို့ ကောင်းမွန်တဲ့ဂိုးတွေ ရရှိခဲ့ပါတယ်။ ဖာနန်ဒက်စ်၊ ရက်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ရဲ့ အသင်းအပေါ် သက်ရောက်နိုင်မှုကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါတွေအပြင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်လည်း ပြသနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။ ဟန်ဒါဆင်ရဲ့ပွဲပြီးခါနီး ကာကွယ်မှုနဲ့ပတ်သက်လို့လည်း “ဒါဟာ ကျနော်တို့ ဂိုးသမားတွေ လုပ်ဆောင်ရမယ့် တာဝန်တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ လိုအပ်လာရင် ကာကွယ်မှုတွေ လုပ်ဆောင်ရပါမယ်။ ဒီဂီယာက ဒီလိုမျိုးတွေကို နှစ်ပေါင်းများစွာ လုပ်ဆောင်ပြခဲ့ပြီး ဟန်ဒါဆင်ကတော့ ဒီနေ့ လုပ်ဆောင်ပြနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။ ဟန်ဒါဆင်ရဲ့ ပွဲဦးထွက်လက်စွမ်းကို အသင်းဖော် မာတာကလည်း ချီးကျူးပြောဆိုသွားခဲ့ပြီး ဟန်ဒါဆင် ကိုယ်တိုင်ကလည်း တဘဝလုံး မက်ခဲ့ရတဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းနဲ့ Clean sheet အတွက် ဝမ်းသာမိကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
8 months Ago
Up