ဂိုးသမားမန်ဒီ

October 25, 2020

ဂိုးသမားမန်ဒီ၏ လက်စွမ်းကို ချဲလ်ဆီးနည်းပြ လမ်းပတ် ချီးကျူး

ယူနိုက်တက် တိုက်စစ်မှူး မားကပ်ရက်ဖို့ဒ်ရဲ့ သေချာပေါက်ဂိုးသွင်းချက် ၂ လုံးကို ကာကွယ်ပြနိုင်ခဲ့တဲ့ ချဲလ်ဆီးဂိုးသမား အက်ဒိုဝတ်မန်ဒီကို နည်းပြ ဖရန့်လမ်းပတ်က ချီးကျူးခဲ့ပါတယ်။  ရက်ဖို့ဒ်ဟာ ဒီပွဲမှာ ယူနိုက်တက်အသင်းအတွက် ဂိုးရလုနီးပါး အခိုက်အတန့် ၂ ခုကို ဖန်တီးနိုင်ခဲ့ပြီး ၁ လုံးကို မန်ဒီက လေပေါ်ပျံဝဲပြီး ကာကွယ်ခဲ့ကာ နောက်တစ်လုံးကိုလည်း ဘားတန်းထိအောင် ပုတ်ထုတ် လမ်းကြောင်းပြောင်းနိုင်ခဲ့ပါတယ်။ ဒီပွဲဟာ ဂိုးမရှိ သရေကျခဲ့တာဖြစ်ပြီး နောက်တန်းနဲ့ ဂိုးသမားနေရာမှာ အကြီးအကျယ် ပြဿနာတွေရှိနေတဲ့ လမ်းပတ်အတွက် Clean Sheet ရရှိခဲ့ခြင်းက ဝမ်းမြောက်စရာ ကိစ္စရပ်လည်း ဖြစ်ပါတယ်။ “မန်ဒီရဲ့ စွမ်းဆောင်ရည်ကတော့ တကယ့်ကိုအံ့မခန်းပါပဲ။ ဒီလိုအခွင့်အရေးတွေ အများကြီး မရှိတတ်တဲ့ ခက်ခဲတဲ့ပွဲစဉ်မျိုးမှာ ခင်ဗျားအနေနဲ့ ဂိုးသမားကို ယုံကြည်မှုထားရပါမယ်။ ရက်ဖို့ဒ်ရဲ့ ပထမတစ်ကြိမ် အခွင့်အရေးဟာ ကျနော်တို့ရဲ့ အမှားကနေ ပေးလိုက်ရတာပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ မန်ဒီက သူ့ရဲ့အရည်အသွေးကို ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ကို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ သူဟာ ပွဲအတွင်း အာရုံစူးစိုက်မှုရှိတယ်ဆိုတာကို ကစားခဲ့ပြီးတဲ့ ပွဲတွေမှာ ပြသနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ကာကွယ်မှုတွေဟာလည်း သူ့ကို ယုံကြည်လို့ရကြောင်း ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်” လို့ လမ်းပတ်က ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒီပွဲမှာ ရက်ဖို့ဒ်နဲ့ မန်ဒီအပြင် ချဲလ်ဆီးနောက်ခံလူ အက်စပီလူကွယ်တာကို မက်ဂွိုင်းယားက ဧရိယာအတွင်း လှဲချခဲ့မှုဟာလည်း ပြောစရာအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို VAR နဲ့ ပြန်လည်သုံးသပ်ခဲ့ပေမယ့် ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။  ဒါပေမဲ့ လမ်းပတ်ကတော့ ဒီဆုံးဖြတ်ချက်ဟာ မှားတယ်လို့ ပြောပါတယ်။  နည်းပြ လမ်းပတ်က “ဒါဟာ ပင်နယ်တီပါ။ တကယ့်ကို ရှင်းရှင်းလင်းလင်းနဲ့ ပင်နယ်တီပေးရမယ့်အလုံးပါ။ ကျနော် ဒီဖြစ်ရပ်ကို သေသေချာချာမတွေ့ခဲ့ရဘဲ ဒိုင်ကိုလည်း ပြောဖို့မလွယ်ဘူးဆိုတာ သိပါတယ်။ ဒါ့ကြောင့်လည်း ကျနော်တို့ VAR တပ်ဆင်ထားတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာ VAR က ပင်နယ်တီမဟုတ်ဘူးလို့ အရမ်းကို မြန်မြန်ဆန်ဆန်ကြီး ဆုံးဖြတ်ခဲ့တာလို့ ကျနော် ထင်ပါတယ်။ ပိုပြီးတော့ အချိန်ယူသင့်ပါတယ်။ ဒိုင်တွေအနေနဲ့ စခရင်ကို ပိုကြည့်သင့်ပါတယ်။ သူဟာ သေချာပေါက် အာရုံစိုက်ကြည့်မယ်ဆိုရင် ကျနော်တို့အသင်းဟာလည်း သေချာပေါက် ပင်နယ်တီရရှိမှာ ဖြစ်တယ်” လို့လည်း ပြောပါတယ်။
1 year Ago

October 21, 2020

ချန်ပီယံလိဂ်ပွဲစဉ်တွင် ဂိုးသမားမန်ဒီ၏ စွမ်းဆောင်ရည်ကို လမ်းပတ် ချီးကျူး

ဂိုးသမား အက်ဒွက်မန်ဒီဟာ သူ့ရဲ့အရည်အချင်းအစစ်အမှန်ကို ထုတ်ပြကာ ချဲလ်ဆီးအသင်းရဲ့ အဓိက ဂိုးသမားတစ်ဦးအဖြစ် ထိုက်တန်ကြောင်း ပြသနိုင်ခဲ့တယ်လို့ ချဲလ်ဆီးနည်းပြ လမ်းပတ်က ပြောပါတယ်။ ဆီဗီလာအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ အခုလိုမျိုးပြောခဲ့တာပဲ ဖြစ်ပါတယ်။ မန်ဒီဟာ ချဲလ်ဆီးအသင်းကို စက်တင်ဘာလကမှ ရောက်ရှိလာခဲ့သူဖြစ်ပြီး ယူရိုပါလိဂ် ချန်ပီယံ ဆီဗီလာအသင်းနဲ့ တွေ့ဆုံတဲ့ပွဲမှာ သေချာပေါက်ဂိုးပေးရမယ့် ကန်သွင်းမှုအားလုံးကို ကာကွယ်သွားနိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံး အပိုင်အခွင့်အရေးအနည်းငယ်သာ ရရှိခဲ့တဲ့ ဒီပွဲမှာ ဆီနီဂေါ ဂိုးသမားက ဆီဗီလာ ဂိုးသမား နီမန်ဂျီဂူဒယ်ရဲ့ ခေါင်းတိုက်ဘောကို လက်စွမ်းပြ ကာကွယ်သွားတာပဲ ဖြစ်ပါတယ်။ ဒါဟာ ဒီပွဲအတွက် စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်တခုဖြစ်ခဲ့ပြီး လမ်းပတ်က သူ့ဂိုးသမားသစ်ရဲ့ လက်စွမ်းကို ချီးကျူးခဲ့ပါတယ်။  မန်ဒီဟာ ချဲလ်ဆီးအသင်းရဲ့ ဦးစားပေး ဂိုးသမားဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီလားလို့ မေးမြန်းခဲ့ရာမှာ လမ်းပတ်က “ဒီအခြေအနေမှာတော့ အဆင်သင့်ဖြစ်ပါပြီလို့ ပြောရမှာပါ။ သူဟာ သူ့အရည်အသွေးကို ထုတ်ပြနိုင်ခဲ့ပါတယ်။ သူ ကစားတဲ့ပုံစံကလည်း အရမ်းကိုကောင်းပါတယ်။ ကစားတဲ့ပွဲ ၂ ပွဲစလုံးကိုလည်း clean sheet ရရှိအောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။  အသင်းရဲ့ စံချိန်တင်ဂိုးသမားဖြစ်သူ ကယ်ပါ လက်စွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် ချဲလ်ဆီးအသင်းဟာ မန်ဒီကို ရင်းနက်စ်အသင်းကနေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အင်္ဂါနေ့ညပွဲစဉ်ဟာ လမ်းပတ်လက်ထက် ချဲလ်ဆီးအသင်းရဲ့ ပထမဆုံးသော ဂိုးမရှိ သရေပွဲစဉ် ဖြစ်ခဲ့ပြီး လမ်းပတ်ဟာ ဒီပွဲစဉ်မှာ လိုအပ်ချက်တွေများနေတဲ့ အသင်းရဲ့ခံစစ်ကို အကောင်းဆုံးဖွဲ့စည်းနိုင်ခဲ့ပါတယ်။  နောက်ခံလူ နှစ်ဦးဖြစ်တဲ့ ဇူးမားနဲ့ ချီဝဲလ်တို့ နှစ်ဦးစလုံးဟာ ဒီပွဲမှာ ဂိုးသွင်းဖို့ အခွင့်အရေးတွေလည်း ရရှိခဲ့ပြီး ဆီဗီလာအသင်းက ဂျိုအန်ဂျော်ဒန်ရဲ့ ဘောကန်သွင်းမှုဟာ ဂိုးရဖို့ တော်တော်လေးနီးစပ်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ အုပ်စုပြိုင်ဘက်တွေဖြစ်တဲ့ ရင်းနက်စ်နဲ့ ခရက်စ်နိုဒါပွဲမှာလည်း တဘက် ၁ ဂိုးစီသရေကျခဲ့ပြီး ချဲလ်ဆီးဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ရုရှားမြေကို သွားရောက်ပြီး ခရက်စ်နိုဒါအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဆီဗီလာနဲ့ပွဲစဉ်ဟာ ဒီရာသီ ၈ ပွဲအတွင်း ချဲလ်ဆီး ဂိုးသွင်းမနိုင်တဲ့ပွဲစဉ် ဖြစ်ခဲ့ပေမယ့် အားနည်းချက်တွေ များနေတဲ့ နောက်တန်းက clean sheet ရရှိခဲ့တာဟာ ချဲလ်ဆီးအသင်းရဲ့ တိုးတက်မှုလို့ ဆိုရပါမယ်။
1 year Ago
Up