ဂိုးမက်စ်

July 2, 2020

မန်ယူနိုက်တက် ကွင်းလယ်လူ ဂိုးမက်စ်ကို ကမ်းလှမ်းသည့်သတင်း လမ်းပတ် ငြင်းဆို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား အိန်ဂျယ်ဂိုးမက်စ်ကို ခေါ်ယူဖို့ ချဲလ်ဆီးဘက်က ဆောင်ရွက်ခဲ့တာမရှိဘူးလို့ နည်းပြလမ်းပတ်က ပြောပါတယ်။ အသက် ၁၉ နှစ်အရွယ် ဂိုးမက်ဇ်ရဲ့ ယူနိုက်တက်အသင်းနဲ့ စာချုပ်ဟာ အင်္ဂါနေ့မှာ ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး ဒီကစားသမားဟာ စာချုပ်သစ် ချုပ်ဆိုဖို့ အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။  ဂိုးမက်စ်ဟာ ဒီရာသီအတွင်း ဆိုးလ်ရှားရဲ့အသင်းကြီးအတွက် ၆ ပွဲသာ ကစားခွင့်ရခဲ့ပြီး ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း တိုးရင်း လုံလောက်တဲ့ကစားခွင့် မရရှိမှာကို စိုးရိမ်ခဲ့ပုံရပါတယ်။ ကွင်းလယ်ကစားသမားကို ဂျာမနီ၊ စပိန်နဲ့ အီတလီအသင်းတွေက စိတ်ဝင်စားမှုတွေရှိနေပြီး ဇွန် ၂၇ ရက်က ထွက်ပေါ်လာတဲ့သတင်းတစ်ခုအရ ချဲလ်ဆီးအသင်းဟာ ဂိုးမက်စ်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီသတင်းနဲ့နဲ့ပတ်သက်လို့ တိုက်ရိုက်မေးမြန်းခဲ့ရာမှာ ချဲလ်ဆီးနည်းပြက “ဒီအကြောင်းနဲ့ ပတ်သက်ပြီး တိုတိုနဲ့လိုရင်းပြောရရင် ဒီကမ်းလှမ်းမှုကိုလုပ်ဖို့ ကျနော့်ခေါင်းထဲမှာ ရှိမနေခဲ့ပါဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ သတင်းထွက်နေတဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်နဲ့ ပတ်သက်ပြီးတော့လည်း လမ်းပတ်က “ဒီကလန်ရိုက်စ်က ကစားသမားကောင်း တစ်ယောက်ပါ။ သူဟာ ချဲလ်ဆီးအကယ်ဒမီထွက် ကစားသမားတစ်ယောက် ဖြစ်ပြီးတော့ ကျနော် သူ့ကို ဟိုးအရင်ကတည်းက သိရှိထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ သူနဲ့ပတ်သက်လို့ ဘာဆွေးနွေးမှုမှ မလုပ်ထားပါဘူး။ ဘယ်ကစားသမားကိုမဆို ခေါ်ယူဖို့ အပြီးမသတ်နိုင်မချင်း ဒီကိစ္စတွေကို ကျနော် ထုတ်ပြောမှာမဟုတ်ပါဘူး” လို့လည်း ပြောပါတယ်။ ထွက်ခွာဖို့ သေချာသလောက် ရှိနေပေမယ့်လည်း ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ အိန်ဂျယ်ဂိုးမက်စ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့အတွက် ဆက်လက်မျှော်လင့်ထားဆဲ ဖြစ်ပါတယ်။  “သူနဲ့ စာချုပ်မချုပ်နိုင်သေးပါဘူး။ ဒါပေမဲ့ ကျနော်တို့အတွက် အချိန်ရှိနေဆဲ ဖြစ်ပါတယ်။ လက်ရှိအနေအထားက ဘယ်လိုရှိနေတာလဲ မသိ‌တော့ ဘယ်အချိန်လဲ ဆိုတာကိုလည်း မပြောနိုင်သေးပါဘူး” ဆိုးလ်ရှားက ပြောပါတယ်။
11 months Ago
Up