ဂိုးပြတ်အနိုင်ရ

January 11, 2021

ချဲလ်ဆီးအသင်း မော်ကန်ဘီကို ၄ ဂိုးပြတ်အနိုင်ရ

ချဲလ်ဆီးကစားသမားတွေဟာ အညှာအတာကင်းကင်းနဲ့ ပြိုင်ဘက်ကို အသေအကျေ ထိုးနှက်ချင်စိတ် နည်းပါးနေတယ်လို့ နည်းပြလမ်းပတ်က ပြောပါတယ်။ မနေ့ညကကန်သွားတဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ မော်ကန်ဘီအသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပေမဲ့ လမ်းပတ်က အခုလိုမျိုး ပြောဆိုခဲ့တာဖြစ်ပါတယ်။  ဒီပွဲမှာ ချဲလ်ဆီးအသင်းဟာ လိဂ်တူးပြိုင်ဘက်နဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ အတောင့်တင်းဆုံး လူစာရင်းကို ပွဲထုတ်ခဲ့ပါတယ်။  တီမိုဝါနာဟာ ဒီပွဲမှာ ၁၃ ပွဲကြာ ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်ခဲ့ပြီး ကိုင်ဟားဗတ်ဇ်ဟာလည်း ၁၅ ပွဲဆက်ခြေစွမ်းပြဖို့ ရုန်းကန်နေရမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၆ ပွဲမှာ ၁ ပွဲပဲနိုင်ခဲ့တဲ့အထိ ခြေစွမ်းဆိုးရွားနေမှုကိုလည်း ဂိုးပြတ် ရလဒ်နဲ့ ကာကွယ်နိုင်ခဲ့ပြီဖြစ်ပါတယ်။  ဒါပေမဲ့ နည်းပြလမ်းပတ်ကတော့ သူ့အသင်းမှာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေမှာ ရှိနေတဲ့ ပြိုင်ဘက်ကို အသေအကျေထိုးနှက်တိုက်လိုက်လိုစိတ် နည်းပါးနေတယ်လို့ ပွဲအပြီးမှာ ပြောပါတယ်။  “ငယ်ရွယ်တဲ့လူစာရင်းကနေ တခါတရံတောင်းဆိုဖို့ မဖြစ်နိုင်တာက လုံးဝမပြောင်းလဲပဲရှိဖို့ နဲ့ အသေအကျေထိုးနှက်ဖို့ပါပဲ။ လိဂ်မှာရှိတဲ့ တခြားကစားသမားတွေ အပတ်စဉ် လုပ်ပြနေသလိုပေါ့။ ကျနော်တို့မှာ အလားအလာကောင်းတဲ့ လူငယ်ကစားသမားတွေ အများကြီးရှိပါတယ်။ ဒါ့ကြောင့် ကစားသမားတွေကို ထိပ်သီးအသင်းတွေကို စိန်ခေါ်လာနိုင်တဲ့အဆင့်အထိ ရောက်လာဖို့ လုပ်စရာတွေအများကြီးရှိနေ ပါသေးတယ်” လို့လမ်းပတ်က ဆိုပါတယ်။  ဗုဒ္ဓဟူးနေ့မှာ လမ်းပတ်ဟာ သီယာဂိုဆေးဗား၊ ဘန်ချီဝဲလ်နဲ့ ဂိုးသမားမန်ဒီတို့ကိုသာ အနားပေးခဲ့ပြီး အတောင့်တင်းဆုံး လူစာရင်းနဲ့ကစားခဲ့ပါတယ်။  ဒီပွဲမှာ တီမိုရီဟာ စက်တင်ဘာလနောက်ပိုင်းပထမဆုံးအဖြစ် အရံခုံကနေတဆင့်ပွဲကစား ခွင့်ရရှိခဲ့ပါတယ်။  ဒါပေမဲ့ သူ့အတွက်ကစားချိန်နည်းပါးနေခြင်းက တိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့ပြီး တီမိုရီဟာ ဇန်နဝါရီအပြောင်းအရွေ့မှာ အငှားထွက်ကစား ရနိုင်တယ်လို့  နည်းပြလမ်းပတ်က ပြောပါတယ်။ 
11 months Ago

October 29, 2020

၂ ဂိုးပြတ်အနိုင်ရရှိခဲ့သည့် ဘာစီလိုနာက ရော်နယ်ဒိုနှင့်ဂျူဗင်တပ်စ်ကို လှောင်ပြောင် (ရုပ်သံဟိုက်လိုက်)

ဒီနေ့မနက်အစောပိုင်း အီတလီမြေမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး နောက် ဘာစီလိုနာအသင်းဘက်က ရော်နယ်ဒိုနဲ့ ဂျူဗင်တပ်စ်တို့ကို တွစ်တာမှာ လှောင်ပြောင်ခဲ့ပါတယ်။  ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီ၊ မက်ဆီတို့ရဲ့ သွင်းဂိုးတွေ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်အုပ်စုရဲ့ထိပ်ဆုံးနေရာကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။  မက်ဆီဟာ ပွဲချိန် ၉၁ မိနစ်မှာ ပင်နယ်တီကနေ သွင်းယူခဲ့တာဖြစ်ပြီး ဒီပွဲမှာ ဂျူဗင်တပ်စ်ကစားသမား ဒီမီရယ်ဟာလည်း နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။     ခေတ်ပြိုင်ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက ၂ ဦးဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့အား  ပြိုင်မှုအဖြစ် ဒီပွဲကို ဘောလုံးပရိသတ်တွေက မျှော်လင့်ခဲ့ကြပေမယ့် ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာကြောင့် ပွဲကို လွဲချော်ခဲ့ပါတယ်။  သူဟာ နိုင်ငံ့လက်ရွေးစင်အသင်းနဲ့အတူရှိနေစဉ်မှာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာဖြစ်ပြီး ဆေးစစ်မှုရလဒ်နဲ့ပတ်သက်ပြီးလည်း ဒေါသထွက်ပေါက်ကွဲနေပါတယ်။ ရော်နယ်ဒိုပါဝင်နိုင်ခဲ့ခြင်းမရှိတဲ့ ဂျူဗီတပ်စ်အသင်းရဲ့တိုက်စစ်ကို တိုက်စစ်မှူး အယ်လ်ဗာတိုမိုရာတာက ဦးဆောင်ခဲ့ပြီး လူကျွံမှုတွေရှိခဲ့တာကြောင့် ဘာစီလိုနာဘက်ကို ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။  ပွဲအပြီးမှာ ဘာစီလိုနာအသင်းက လူမှုကွန်ရက်ကနေတစ်ဆင့်ပြိုင်ဘက်ကို လှောင်ပြောင်ခဲ့ပြီး “မင်းတို့ကွင်းမှာတောင် GOAT ဘယ်သူလဲဆိုတာ သိခွင့်ရတဲ့အတွက်  ဝမ်းသာပါတယ်” လို့ မခံချင်အောင်ရေးသားခဲ့ပါတယ်။  ရော်နယ်ဒို နဲ့ မက်ဆီတို့ရဲ့ပြိုင်ဆိုင်မှုကို ရည်ညွှန်းကာ သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားဆိုတဲ့ စကားလုံးရဲ့ အတိုကောက် GOAT လို့ ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်၊ ဖီရန်ဗာရို့စ်အသင်းတို့ကို အနိုင်ယူနိုင်ခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ လက်ရှိအုပ် စု G ကို ထိပ်ဆုံးကနေဦးဆောင်နေပြီး ဒုတိယနေရာက ဂျူဗင်တပ်စ်အသင်းကို ၃ မှတ်အသာရရှိထားပါတယ်။  အုပ်စုပြိုင်ဘက်တွေဖြစ်တဲ့ ဖီရန်ဗာရို့စ်နဲ့ ဒိုင်နမိုကိဗ်တို့ပွဲစဉ်မှာတော့ တစ်ဖက်ကို ၂ ဂိုးစီနဲ့သရေကျခဲ့တယ်လို့ သိရပါတယ်။  ဘာစီလိုနာအသင်းဟာ လာမယ့်သီတင်းပတ်ကုန်ပိုင်းမှာ အလာဗတ်စ်အသင်းနဲ့ လာလီဂါပွဲ ကစားရမှာဖြစ်ပြီး နောက်ထပ်ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဒိုင်နမိုကိဗ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
1 year Ago
Up