ဂိုးပေါက်ပျောက်

March 7, 2020

မက်ဆီ ဂိုးပေါက်ပျောက်ဆုံးနေမှု စိုးရိမ်စရာမရှိဟု ဘာစီလိုနာနည်းပြ ပြော

လီယွန်နယ်မက်ဆီ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး ဂိုးပေါက်ပျောက်ဆုံးနေတဲ့အပေါ် လုံးဝ မစိုးရိမ်ဘူးလို့ ဘာစီလိုနာနည်းပြ ကွီကေးဆတ်တီယန်က ပြောပါတယ်။  ကမ္ဘာ့အကောင်းဆုံး ကစားသမားတဦးလို့ သတ်မှတ်ခံထားရတဲ့ မက်ဆီဟာ နောက်ဆုံးကစားခဲ့တဲ့ ခုနစ်ပွဲမှာ ခြောက်ပွဲအထိ ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာလည်း ပုံမှန်ခြေစွမ်းပြသဖို့ကို ရုန်းကန်ခဲ့ရပါတယ်။ မက်ဆီခြေစွမ်းပြဖို့ ရုန်းကန်နေရတာနဲ့အတူ ဘာစီလိုနာအသင်းဟာလည်း ရလကောင်း ရရှိဖို့ ခက်ခဲနေပြီး အသင်းဟာ လာလီဂါရဲ့ဦးဆောင်သူအဖြစ်ကနေ ဖယ်ရှားခံခဲ့ရသလို ကိုပါဒယ်ရေးပြိုင်ပွဲကနေ နုတ်ဆက်ခဲ့ရပါတယ်။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာလည်း နာပိုလီအသင်းနဲ့ တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ရပါတယ်။  ဒါပေမယ့် မက်ဆီရဲ့ အခြေအနေအပေါ် လုံးဝစိုးရိမ်စိတ်မရှိဘူးလို့ ရီးရဲလ်ဆိုစီဒက်အသင်းနဲ့ ဒီနေ့ည ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်ပွဲမှာ ဘာစီလိုနာနည်းပြက ပြောကြားခဲ့တာပါ။ “သူ (မက်ဆီ) ဂိုးမသွင်းနိုင်တဲ့ကိစ္စအပေါ် ကျနော်လုံးဝ ဂရုစိုက်နေမှာမဟုတ်ပါဘူး။ သူဂိုးသွင်းနိုင်ရင် ပိုကောင်းပေမယ့် ဒီကိစ္စက ကျနော့်အတွက် စိတ်ရှုပ်စရာမဟုတ်ပါဘူး။ မက်ဆီ ဒါမှမဟုတ် တခြားဘယ်ကစားသမားမဆို ဒီအခြေအနေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ သူဟာ ၁၄ နှစ်လုံးလုံး ဂိုးတွေဒိုင်ခံသွင်းယူပေးခဲ့သူဖြစ်ပြီး သူဂိုးမသွင်းနိုင်တဲ့ အခိုက်အတန့်ရှိနေတာမျိုးကလည်း မထူးဆန်းပါဘူး။” ဘာစီလိုနာအသင်းကို မကြာသေးခင်ကမှ ရောက်ရှိလာတဲ့ ဆတ်တီယန်ဟာ ရီးရဲလ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ ဖိအားတွေကို စတင်ခံစားနေရပြီဖြစ်ပြီး ဘတ်တစ်နဲ့ပွဲစဉ်မှာလည်း စိန်ခေါ်မှုကြီးကြီးမားမားနဲ့ ရင်ဆိုင်သွားရဖို့ရှိနေပါတယ်။  ဘတ်တစ်အသင်းဟာ ကိုပါဒယ်ရေးဆီမီးဖိုင်နယ်ပွဲစဉ်အပါအဝင် နောက်ဆုံးကစား ခဲ့တဲ့ ခြောက်ပွဲဆက်တိုက် အနိုင်ရရှိခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။  “ရီးရဲလ် အသင်းကိုရှုံးနိမ့်ခဲ့မှုအတွက် ‌နောက်ဆက်တွဲ ဆိုးကျိုးဆိုတာမျိုး ရှိနေမှာ မဟုတ်ပါဘူး။ ဘာစီလိုနာ ဒါမှမဟုတ် ရီးရဲလ်လိုအသင်းတွေအတွက် မပြီးဆုံးမချင်း တစုံတခုကို အနိုင်ရရှိဖို့ ခက်ခဲတယ်ဆိုတာကို နားလည်ထားပါတယ်။ လာလီဂါဟာ တကယ်ကိုရှုပ်ထွေးပြီးတော့ အသင်းတိုင်းဟာလည်း အနိုင်ရရှိဖို့ခက်ခဲပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာ‌ ရှေ့ကို မှန်မှန်ချီတက်သွားဖို့ လှုံ့ဆော်မှုတွေ ရှိထားပြီးဖြစ်ပါတယ်” လို့ ဆတ်တီယန်က ပြောပါတယ်။   
2 years Ago
Up