ဂိမ်းဆိုင်

August 11, 2018

လူငယ်​​များ ဂိမ်းဆိုင်​​ရောက်​​သည့်ပြဿနာ ဝန်ကြီးဌာနများ စုပေါင်းဖြေရှင်းရမည်ဟု အတိုင်ပင်ခံပြော

လူငယ်​​အများစု ဂိမ်းဆိုင်​​ရောက်​​နေတဲ့ ပြဿနာကို ဝန်​ကြီးဌာ​န​တွေ စု​ပေါင်း​ဖြေရှင်းမှရမယ်​လို့​ နိုင်​​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​က ​ပြောဆိုလိုက်​ပါတယ်​။ မန္တ​လေးတက္ကသိုလ်​မှာကျင်းပတဲ့ လူငယ်​ဘက်​စုံဖွံ့ဖြိုး​ရေးပွဲ​တော်​အတွင်း နိုင်​ငံ​တော် ​အတိုင်​ပင်​ခံနဲ့​ ကျောင်းသားလူငယ်​​ရဲ့ စာပေစကားဝိုင်းမှာ ပြောတာပါ။ သတင်းအချက်အလက်နဲ့ နည်းပညာတက္ကသိုလ်ကျောင်းသူ မနန္ဒာလမင်းအေးက တက္ကသိုလ်ကျောင်းသားတွေဟာ အခြေခံပညာကျောင်းမှာ တော်ခဲ့ပေမယ့် တက္ကသိုလ်ရောက်တဲ့အခါ ပြောင်းလဲသွားကြပြီး ဂိမ်းဆိုင်တွေရောက်သွားကြတယ်လို့ ပြောတဲ့အပေါ် ပြန်ရှင်းခဲ့တာပါ။ မနန္ဒာလမင်းအေးက “ယောကျာ်းလေး ၁၀ ယောက်မှာ ၈ ယောက်လောက်က အဲဒီဂိမ်းတွေကို မစားမသောက်ဘဲနဲ့ကို၊ မအိပ်ဘဲနဲ့ကို ဆော့ကြတယ်။ အဲဒါကြောင့် ကျောင်းစာတွေ လစ်ဟင်းလာတယ်။ ဂိမ်းဆိုင်တွေကို ဘယ်လိုထိန်းချုပ်မှာလဲ။ အခွန်အခတွေ အများကြီးကောက်ပြီး ထိန်းချုပ်ရင်တော့ ရမယ်ထင်ပါတယ်” လို့ ပြောပါတယ်။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က “ဒီဂိမ်းဆိုင်​တွေနဲ့ပတ်​သက်​လို့ကတော့  ဝန်​ကြီးဌာန​ တော်တော်များများ စုပြီးတော့ ခေါင်းချင်းရိုက် အဖြေရှာရမယ်လို့ ထင်ပါတယ်။ လူငယ်​​တော်​​တော်​များများက ဂိမ်းကို စွဲ​နေကြတယ်​။ မိဘ​​တွေကလည်း စာဖတ်နေတဲ့ လူငယ်​​တွေကို အား​ပေးဖို့လိုတယ်​" လို့ ပြောပါ​တယ်​။ တနည်းအားဖြင့်တော့ ဒါက စီးပွားရေးတမျိုးဖြစ်သလို ခေတ်ရဲ့ရေစီးကြောင်းလည်း ဖြစ်တယ်။ စီးပွားရေးသမားတွေရဲ့ အခွင့်အလမ်းတွေကိုလည်း မဆင်မခြင်နဲ့ သွားပိတ်လို့ မဖြစ်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ လူငယ်​ဘက်​စုံဖွံ့ဖြိုး​ရေးပွဲ​တော်​ကို သြဂုတ်​ ၁၁ ရက်​​နေ့က​နေပြီး ၁၃ ရက်​​နေ့အထိ ကျင်းပနေတာပါ။ ပွဲတော်မှာ မန္တ​လေးနည်းပညာတက္ကသိုလ်​၊ ရမည်းသင်း နည်းပညာတက္ကသိုလ်​၊ မန္တ​လေးတက္ကသိုလ်​ စတဲ့ တက္ကသိုလ်​အသီးသီးက သူတို့နဲ့သက်​ဆိုင်​တဲ့ ဘာသာရပ်​​တွေကို ဆိုင်​ခန်း​ပေါင်း ၅၀​ ကျော်​ ပြသထားပါတယ်​။
5 years Ago
Up