ပြင်သစ်အမျိုးသမီးတဦးဟာ လူမှုကွန်ရက်မှာ ဂိမ်းကစားရင်း ကြည့်ရှုသူတွေနဲ့ စကားပြောတာကို တိုက်ရိုက်ရုပ်သံလွှင့်နေတုန်း မီးခြစ်နဲ့ ဆော့ကစားရာက မတော်တဆ ကိုယ့်ဆံပင်ကိုယ် မီးရှို့သလိုဖြစ်သွားပြီး ဆံပင်မီးလောင်တဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။
အသက် ၂၅ နှစ်အရွယ် အန်းအေးအစ်စ်ဆိုတဲ့ အမျိုးသမီးက League of Legends ဆိုတဲ့ ဗွီဒီယိုဂိမ်းကစားရင်း ဂိမ်းကြည့်ရှုသူတွေနဲ့ လူမှုကွန်ရက်ပေါ်မှာ စကားပြောနေခဲ့တာပါ။
သူမက စကားပြောရင်း မီးခြစ်ကို ဖွင့်လိုက် ပိတ်လိုက်လုပ်ကာ ကစားနေတာကို ရုပ်သံထဲမှာ မြင်ရပါတယ်။
အမျိုးသမီးက ကွန်ပျူတာမျက်နှာပြင်ကိုပဲ အာရုံစိုက်နေလို့ မီးခြစ်ကို ဘယ်နေရာထားပြီး မီးခြစ် ခြစ်မိတယ်ဆိုတာ မကြည့်မိပါဘူး။
ဒီနောက် မီးတောက်လာကာ သူမဦးခေါင်း ညာဘက်က ဆံပင်တွေကို မီးစွဲလောင်နေတာ သတိထားမိပြီး ဆံပင်တွေကို အမြန်လှမ်းကိုင် မီးငြှိမ်းလိုက်ရပါတယ်။
သူမဦးခေါင်းနားမှာ မီးခိုးတွေလည်း ထွက်နေပြီး မီးလောင်လို့ ကျွတ်သွားတဲ့ ဆံပင်တွေကို ကြည့်ကာ ဟာသအဖြစ် ရယ်မောနေခဲ့တယ်လို့ ဇူလိုင် ၃၁ ရက်နေ့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။
6 years Ago