ဂါဘရီရယ် မာတင်နယ်လီ

March 14, 2020

အာဆင်နယ်တွင် အူဘာမီယန်းလို ကမ္ဘာ့အဆင့် လူငယ်ကြယ်ပွင့်နှစ်ဦးရှိဟု မိုက်ကယ်အိုဝင် ပြော

အမ်းမရစ် အူဘာမီယန်းလို ကမ္ဘာ့အဆင့် ကစားသမား ဖြစ်လာနိုင်တဲ့ လူငယ်ကြယ်ပွင့် နှစ်ဦး အာဆင်နယ်အသင်းမှာ ရှိနေတယ်လို့ မိုက်ကယ်အိုဝင်က ပြောပါတယ်။  ဂါဘွန်လက်ရွေးစင် အူဘာမီယန်းဟာ ဒေါ့မွန်အသင်းကနေ အာဆင်နယ်အသင်းကို ၂၀၁၈ ခုနှစ်မှာ ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းအတွက် ၉၆ ပွဲ ကစားကာ ၆၁ ဂိုး သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။  ဒါကြောင့် သူဟာ လက်ရှိ အာဆင်နယ်အသင်း လူစာရင်းရဲ့ အကောင်းဆုံး ကစားသမားအဖြစ်လည်း သတ်မှတ်ခြင်းခံထားရတာပါ။  ဒါပေမဲ့ အာဆင်နယ်အသင်းမှာ အူဘာမီယန်းအပြင် အားကိုးလို့ရမယ့် နောက်ထပ်တိုက်စစ်မှူးတွေ ရှိနေဆဲ ဖြစ်ပြီး လူငယ် ကစားသမားနှစ်ဦး ဖြစ်တဲ့ ဂါဘရီရယ် မာတင်နယ်လီနဲ့ အက်ဒီအန်ကီတာတို့ဟာ အနာဂတ်မှာ အားကိုးရလာနိုင်တယ်လို့ အိုဝင်က သုံးသပ်ပါတယ်။ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ မာတင်နယ်လီဟာ ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် ၁၀ ဂိုးအထိ သွင်းယူပေးထားနိုင်သူ ဖြစ်ပြီး အသက် ၂၀ အရွယ် အန်ကီတာကတော့ လိဒ်ယူနိုက်တက်ကနေ အငှားပြန်လာပြီးနောက်ပိုင်း ပါဝင်ခဲ့တဲ့ ၇ ပွဲမှာ ၃ ဂိုး သွင်းယူပေးထားနိုင်ပါတယ်။ လီဗာပူးနဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က Premier Leagude Production အစီစဉ်မှာ ဒီလူငယ်ကစားသမား နှစ်ဦးရဲ့ အနာဂတ်ကို ကြိုတင်ခန့်မှန်းခဲ့တာဖြစ်ပါတယ်။ “အာဆင်နယ်အသင်းဟာ အာတီတာလက်ထက်မှာ တိုးတက်မှုအနည်းငယ် ပေါ်ပေါက်လာခဲ့ပါတယ်။ သူတို့ရဲ့ ဂိုးသွင်းသူစာရင်းမှာ မာတင်နယ်လီနဲ့ အန်ကီတာတို့လို လူငယ်ကစားသမားလေးတွေ ပါဝင်လာတာကို တွေ့ရပြီး ဒီကစားသမား နှစ်ယောက်ဟာ နောင်တချိန်ချိန်မှာ အူဘာမီယန်းလို တရာသီ ဂိုး ၂၀ အထက်သွင်းပေးမယ့် ကစားသမား မဖြစ်လာနိုင်ဘူးလို့ ဘယ်သူမှ တပ်အပ်မပြောနိုင်ပါဘူး။ ခင်ဗျားအနေနဲ့ အကယ်ဒမီက ကစားသမားတွေကို ဖော်ထုတ်နိုင်မယ်ဆိုရင် ဒါဟာ အပိုဆုရတာပါပဲ” လို့ သူက သုံးသပ်သွားပါတယ်။  အာဆင်နယ်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး ဒီသီတင်းပတ်မှာ ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ဧပြီ ၄ ရက်နေ့အထိ ရွှေ့ဆိုင်းထားပါတယ်။ အာဆင်နယ်နည်းပြ အာတီတာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။
2 years Ago
Up