ဂါဘရီရယ်ဂျဆု

November 9, 2020

လီဗာပူးအသင်းနှင့် သရေကျခဲ့သည့် ရလဒ်အပေါ် မန်စီတီးတိုက်စစ်မှူး စိတ်ပျက်

လီဗာပူ;အသင်းနဲ့ တဘက် ၁ ဂိုး စီသရေကျခဲ့တဲ့ ရလဒ်အပေါ် မန်စီတီး တိုက်စစ်မှူး ဂါဘရီရယ်ဂျဆုက စိတ်ပျက်လက်ပျက် ဖြစ်နေပါတယ်။ တနင်္ဂနွေနေ့ပွဲမှာ လီဗာပူ တိုက်စစ်မှူး ဆာလက်က ဧည့်သည်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၃ မိနစ်မှာ ပင်နယ်တီကနေတဆင့် သွင်းယူခဲ့ပြီး ဂျဆုက မိနစ် ၃၀ ဝန်းကျင်မှာ ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ အသင်းအတွက် အဖိုးတန် ချေပဂိုး သွင်းယူပေးနိုင်ခဲ့ပေမဲ့ အသက် ၂၃ နှစ်အရွယ် ဘရာဇီးသားက သူတို့အသင်းအနေနဲ့ ဒီထက်ပိုကောင်းခဲ့သင့်တယ်လို့ ပြောပါတယ်။ “ဒီရလဒ်က ကျနော်တို့အတွက် မကောင်းပါဘူး။ ဒါဟာ ခက်ခဲတဲ့ပွဲတပွဲဆိုတာ သိပေမဲ့ ကျနော်တို့ အိမ်ကွင်းမှာ ဖြစ်တာကြောင့် အနိုင်ရလဒ် ရရှိခဲ့သင့်ပါတယ်။ သူတို့ဟာ ချန်ပီယံအသင်းပါ။ ဒါပေမဲ့ ကျနော်တို့ အမှတ်မလျော့သင့်ခဲ့ပါဘူး။ ဒါဟာ ထိပ်တန်းပွဲစဉ်တခုပါ။ သူတို့ဟာ တကယ့်ကို ဖိဖိစီးစီး ကစားသွားခဲ့ပြီး ကစားသမားကောင်းတွေ အများကြီးလည်း ပိုင်ဆိုင်ထားပါတယ်။ ကျနော်တို့ဟာ ဒီပွဲကို အနိုင်ရဖို့အတွက် အခွင့်အရေးကောင်းတစ်ခုလည်း ရခဲ့ပါတယ်။ နှစ်သင်းစလုံးက အနိုင်ရလဒ်ကို ဦးတည်ကစားသွားခဲ့တာ ဖြစ်ပါတယ်။ တခါတရံမှာ ကျနော်တို့ ဘောလုံးကို ပိုမိုထိန်းချုပ်ထားဖို့ လိုအပ်ခဲ့ပါတယ်။ ကျနော်တို့ ဒီလို ကစားပုံအတိုင်း ဆက်ထိန်းထားပြီး အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲဖို့ ကြိုးစားရပါမယ်။ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့အတွက် ကျနော်တို့ အနိုင်ရရှိခဲ့သင့်ပါတယ်။ ဒီရလဒ်ဟာ ကျနော်တို့အတွက် မကောင်းခဲ့ပေမဲ့ လီဗာပူးအသင်းအတွက်တော့ ကောင်းမွန်တဲ့ရလဒ် ဖြစ်နိုင်ပါတယ်။” လီဗာပူးအသင်းနဲ့ပွဲမှာ ဂျဆုဟာ လီဗာပူး ခံစစ်မှူး အာနိုးလ်ကို လှလှပပ လှည့်စားကာ အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။  ဒီဂိုးကို အသင်းခေါင်းဆောင် ဒီဘရိုင်းက ဖန်တီးပေးခဲ့တာဖြစ်ပေမဲ့ ဒီဘရိုင်းဟာ ပွဲရလဒ်ကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ ပင်နယ်တီအခွင့်အရေးကိုတော့ ဖြုန်းတီးခဲ့ပါတယ်။ ဂျဆုဟာ ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူခဲ့ရသူဖြစ်ပြီး လီဗာပူးအသင်းနဲ့ပွဲဟာ ဒီရာသီအတွင်း သူ့အတွက် ဒုတိယမြောက်ပွဲထွက်မှုလည်း ဖြစ်ပါတယ်။
2 years Ago
Up