ဂါဇာမြို့

May 14, 2021

ဂါဇာမြို့ထဲကို အစ္စရေးက လေကြောင်းတိုက်ခိုက်၊ အဆောက်အဦများ အကြီးအကျယ် ပျက်စီး

ဂါဇာမြို့ထဲက ဟားမတ်စ်တွေနဲ့ တခြား မီဒီယာဌာနခွဲတွေ တည်ရှိရာ အထပ်မြင့် လူနေတိုက်ခန်းတွဲ တခုမှာ နေထိုင်သူတွေ ဘေးကင်းရာ ရွှေ့ကြဖို့ အစ္စရေးက သတိပေးအပြီး မတ်လ ၁၂ရက်က လေကြောင်းပစ်ခတ်မှုကြောင့် အဲဒီ တိုက်ခန်းတွဲနဲ့ တခြား အဆောက်အဦတွေ အကြီးအကျယ် ပျက်စီးခဲ့ ပါတယ်။

ဒီအဆောက်အဦဟာ ဂါဇာရဲ့ လူစည်ကားရာ ဈေးဝန်းကျင်မှာ ရှိနေတာပါ။ အစ္စရေး စစ်တပ်က တော့ သူတို့ဟာ ဟားမတ်စ်တွေရဲ့ ရုံးတွေ၊ ဟားမတ်စ် ခေါင်းဆောင်တွေရဲ့ အိမ်တွေနဲ့ ဒုံးကျည် ပစ် လွှတ်ရာ နေရာတွေကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ ပြောထားပါတယ်။

ပါလက်စတိုင်း စစ်သွေးကြွတွေနဲ့ အစ္စရေး စစ်တပ်တို့ဟာ တတိယမြောက်နေ့အဖြစ် အပြန်အလှန် ပစ်ခတ် တိုက်ခိုက် နေကြဆဲပါ။ ဒါကြောင့် ဟားမတ်စ်တွေ အုပ်ချုပ်တဲ့ဂါဇာမှာ မနေ့ မနက်ထိ လူ၆၇ယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောပြီး အစ္စရေးမှာတော့ လူ ၇ယောက် သေဆုံးခဲ့တယ်လို့ ဆေးဘက် အရာရှိတွေက ပြော ပါတယ်။

ပါလက်စတိုင်းတွေက အစ္စရေးနိုင်ငံဆီ ဒုံးကျည်မိုး ရွာချနေပြီး အစ္စရေးကလည်း  ဂါဇာကို လေကြောင်းကနေ ပြန်လည်ပစ်ခတ် နေပါတယ်။  ဒါဟာ ၂၀၁၄ ဂါဇာ စစ်ပွဲအပြီး အစ္စရေးနဲ့ ဟားမတ်စ်တွေအကြား အကြီးကျယ်ဆုံး တိုက်ပွဲလည်း ဖြစ်ပြီး အခြေအနေ ထိန်းမနိုင်သိမ်းမရ ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။

ပဋိပက္ခကို အရှိန်လျှော့ဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက တောင်းဆိုနေကြပြီး အမေရိကန် အစိုးရကတော့ အစ္စရေးနဲ့ရော ပါလက်စတိုင်းနဲ့ပါ ဆွေးနွေးဖို့ သံတမန် ဟာဒီအာမီယာကို စေလွှတ်ဖို့ စီစဉ်နေတယ်လို့ ရိုက်တာ သတင်းဌာနမှာ ရေးသားဖော်ပြထားပါတယ်။

7 months Ago
Up