ဂါဇာကို ၀င်ဖို့ ကြိုးစားသည့် လူ့အခွင့်အရေး လှုပ်ရှားသူများ၏ စက်လှေကို အစ္စရေး တားဆီး

July 10, 2015

အစ္စရေးနိုင်ငံသား ၂ ဦး ဖမ်းဆီးခံရမှု ဟားမတ်စ်တွင် တာဝန်ရှိဟု သတိပေး

ဂါဇာမှာ ဖမ်းဆီးခံထားရတယ်လို့ ယုံကြည်ရတဲ့ အစ္စရေးနိုင်ငံသား ၂ ဦးရဲ့ကိစ္စဟာ ဟားမတ်စ်အဖွဲ့မှာ တာဝန်ရှိတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က သတိပေးလိုက်ပါတယ်။ သူတို့ ၂ ဦးထဲက ၁ ဦးကို ဟားမတ်စ်က ထိန်းသိမ်းထားတယ်လို့ အစ္စရေးနိုင်ငံက ပြောပါတယ်။ အီသီယိုးပီးယား အစ္စရေးတဦးနဲ့ အာရပ်အစ္စရေးတဦးတို့ဟာ ဂါဇာကိုသွားရင်း ပျောက်ဆုံးနေပြီး သူတို့ ၂ ဦးလုံးရဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဟားမတ်စ်ကတော့ တုံ့ပြန်ပြောဆိုဖို့ ငြင်းဆိုပါတယ်။ ၂၀၀၆ ခုနှစ်က အစ္စရေးတပ်ဖွဲ့ဝင်တဦးကို ဟားမတ်စ်က ဂါဇာမှာ ၅ နှစ်ကြာ  ဖမ်းဆီးထားပြီး ၂၀၁၁ ခုနှစ်က ပြန်လွှတ်ပေးခဲ့ပါတယ်။ အခု ပျောက်ဆုံးနေတဲ့ အစ္စရေးနိုင်ငံသား ၂ ဦးကို နိုင်ငံတကာနဲ့ ဒေသခံ အဖွဲ့အစည်းအားလုံး ကူညီစုံစမ်းပေးဖို့နဲ့ ပြန်လည်လွတ်မြောက်ရေးအတွက် ကူညီပေးဖို့ တိုက်တွန်းထားတယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။ ခိုင်မာတဲ့ အစ္စရေးထောက်လှမ်းရေး သတင်းအရ အသက် ၂၈ နှစ်အရွယ် အီသီယိုးပီးယား အစ္စရေးကို ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားတယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ သူဟာ စိတ်ဝေဒနာသည်လို့ ယုံကြည်ရပြီး လုံခြုံရေး အလွန်ထူထပ်တဲ့ အစ္စရေး-ဂါဇာ လုံခြုံရေး အရံအတားကို ကျော်သွားတာလို့ အစ္စရေးမီဒီယာက ဆိုပါတယ်။ နောက်တဦးကတော့ အစ္စရေးတောင်ပိုင်းက အစ္စရေး-အာရပ်တဦးဖြစ်ပြီး အရင်ကလည်း ဂါဇာကို ၀င်ထွက်နေသူတဦးလို့ ပြောပါတယ်။ ၂၀၀၆ ခုနှစ်က ဟားမတ်စ်ရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အစ္စရေးတပ်ကြပ် ရှာလစ်တ် (Shalit) ကို အစ္စရေးနိုင်ငံထဲအထိ ဟားမတ်စ်က ၀င်ရောက်ဖမ်းဆီးတာဖြစ်ပြီး ၅ နှစ်ကြာ ဖမ်းဆီးထားပြီးမှ ပါလက်စတိုင်း အကျဉ်းသား ၁၀၀၀ နဲ့ အလဲအလှယ်လုပ်ပြီး ပြန်ရွေးခဲ့ရတာပါ။ အခုပျောက်ဆုံးနေတဲ့ ၂ ယောက်လည်း ဘေးမသီရန်မခ ပြန်လွတ်လာဖို့ အစ္စရေးနိုင်ငံက ကြိုးစားနေတယ်လို့ ၀န်ကြီးချုပ် နေတန်ယာဟုက ဆိုပါတယ်။
6 years Ago

June 30, 2015

ဂါဇာကို ၀င်ဖို့ ကြိုးစားသည့် လူ့အခွင့်အရေး လှုပ်ရှားသူများ၏ စက်လှေကို အစ္စရေး တားဆီး

အစ္စရေးက ဂါဇာကမ်းမြောင်ကို ပိတ်ဆို့ထားမှု ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ဂါဇာကို ၀င်ရောက်ဖို့ ကြိုးစားတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ စက်လှေကို အစ္စရေးရေတပ်က ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့က တားဆီးလိုက်ပါတယ်။ ဂါဇာကို အစ္စရေးက ၂၀၀၇ ခုနှစ်ကတည်းက ပိတ်ဆို့ထားတဲ့အတွက် အစစအရာရာ ဒုက္ခရောက်နေတဲ့ ဂါဇာဒေသခံတွေရဲ့ အရေးကို နိုင်ငံတကာက အလေးထား အာရုံစိုက်လာအောင် လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ ကြိုးစားမှုတခု ဖြစ်ပါတယ်။ အစ္စရေးရေတပ်က ဂါဇာနဲ့ ရေမိုင် ၁၀၀ အကွာမှာ အင်အားသုံးခြင်းမရှိဘဲ စက်လှေကို တားဆီးပြီး အစ္စရေးဆိပ်ကမ်းမြို့ အက်ရှ်ဒေါ့ဒ် (Ashdod) ကို ခုတ်မောင်းစေခဲ့တာပါ။ စက်လှေနဲ့အတူ ပါလက်စတိုင်းထောက်ခံသူ၊ အစ္စရေး-အာရပ် လွှတ်တော်အမတ်တဦး၊ တူနီးရှားသမ္မတဟောင်း၊ အီးယူအမတ်တဦး၊ စုစုပေါင်း နိုင်ငံပေါင်း ၁၇ နိုင်ငံက အခွင့်အရေး လှုပ်ရှားသူ ၅၀ လောက် ပါဝင်ခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဒီစက်လှေကို တားဆီးခဲ့တဲ့ အစ္စရေးရေတပ်ကို ချီးကျူးခဲ့ပါတယ်။ “ဒီစက်လှေဟာ ဂါဇာကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ် အကြမ်းဖက်တွေကို ကူညီဖို့သက်သက် ဖြစ်တယ်။ ဒီလူတွေဟာ လူ့အခွင့်အရေး အရေခြုံပြီး ဒေသတွင်း ပြဿနာတွေကို မသိကျိုးကျွံပြုသူတွေပါ။” လို့ စွပ်စွဲပါတယ်။ အရင်က ဂါဇာထဲကို ဟားမတ်စ်က နည်းပေါင်းစုံနဲ့ လက်နက်တွေ ခိုးသွင်းခဲ့ဖူးတာကြောင့် ဂါဇာပိတ်ဆို့မှုကို ချိုးဖောက်ရင် အစ္စရေးက ပြတ်ပြတ်သားသား ကိုင်တွယ်ပါတယ်။ အခု စက်လှေနဲ့တော့ လူသားချင်းအကူအညီတွေ၊ ဆေးပစ္စည်းတွေနဲ့ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေ သယ်ဆောင်လာတာလို့ ဆန္ဒပြသူတွေကတော့ ပြောဆိုပါတယ်။ ၂၀၁၀ ခုနှစ်ကလည်း အခုလိုပဲ ဂါဇာကိုဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ သင်္ဘောတစီးကို အစ္စရေးကွန်မန်ဒိုတွေက အင်အားသုံး စီးနင်းခဲ့လို့ သင်္ဘောပေါ်က တူရကီ လူအခွင့်အရေးလှုပ်ရှားသူ ၁၀ ယောက် သေဆုံးခဲ့တာပါ။ ဒီကိစ္စအတွက် အစ္စရေးနိုင်ငံက တူရကီနိုင်ငံကို ၂၀၁၃ ခုနှစ်မှာ တောင်းပန်ခဲ့ပေမယ့် အရင်က မဟာမိတ်နိုင်ငံတွေဖြစ်ကြတဲ့ အစ္စရေး-တူရကီ ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းလည်း အခုလို ဂါဇာကို သင်္ဘောတွေနဲ့ ဆန္ဒပြ၀င်ရောက်ဖို့ အကြိမ်ကြိမ် ကြိုးစားမှုတွေ ရှိခဲ့ပေမယ့် ၂၀၁၀ ကလို သွေးထွက်သံယိုမှုတွေ မရှိခဲ့ပါဘူး။
6 years Ago
Up