ဂါဇာကမ်းမြောင်

May 8, 2019

ဂါဇာ-အစ္စရေး အပြန်အလှန်တိုက်ပွဲ ရပ်စဲ၊ ပဋိပက္ခ အဆုံးသတ်ခြင်းမဟုတ်ဟု နေတန်ယာဟု ပြော

ဂါဇာကမ်းမြောင်ဒေသနဲ့ အစ္စရေးတောင်ပိုင်းမှာ ဒုံးကျည်တွေ၊ လေကြောင်းပစ်ခတ်မှုတွေနဲ့ အပြန်အလှန် တိုက်ပွဲတွေ မေလ ၆ ရက်မှာ ရပ်စဲခဲ့ပေမယ့် ပဋိပက္ခ အဆုံးသတ်သွားတာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြီးပြီလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အပစ်အခတ်ရပ်စဲအပြီး နာရီပိုင်းအတွင်း ပြောပါတယ်။ ၃ ရက်ကြာ အပြန်အလှန် ပစ်ခတ်မှုဟာ မေလ ၅ ရက်မှာ အရှိန်အမြင့်ဆုံး ရောက်ခဲ့တာပါ။ ဟားမတ်စ် အစ္စလာမ္မစ်တပ်တွေ တပ်စွဲထားတဲ့ ဂါဇာဘက်ကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေ၊ ဒုံးလက်နက်တွေကြောင့် အစ္စရေး အရပ်သားလေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား တဝက်လောက်ပါတဲ့ ပါလက်စတိုင်း စုစုပေါင်း ၂၁ ယောက် သေဆုံးတယ်လို့ ဂါဇာက ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။ အစ္စရေးဟာ ဂါဇာ စစ်သွေးကြွအုပ်စုတွေကို အကြမ်းဖက် အဖွဲ့အစည်းတွေလို့ ယူဆထားပြီး သူတို့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အသိအမှတ် မပြုပါဘူး။ အစ္စရေးတောင်ပိုင်းက မြို့ရွာတွေကို မေလ ၃ ရက်က စပြီး ဒုံးကျည်တွေ၊ အမြောက်တွေနဲ့ အကြိမ်ရေ ၆၀၀ ကျော် ပစ်ခတ်ခံရပြီး အကြိမ်ရေ ၁၅၀ ကျော်ကိုတော့ ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒါကြောင့် စစ်သွေးကြွတွေရဲ့ နေရာ ၃၂၀ ကို ပြန်ပြီး လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အီဂျစ်၊ ကာတာနဲ့ ကုလသမဂ္ဂတို့က အပစ်အခတ်ရပ်စဲရေး ကြားခံ ဖျန်ဖြေပေးခဲ့အပြီး အရုဏ်မတက်ခင် အကြမ်းဖက်မှု အရှိန်ကျခဲ့တယ်။ ဂါဇာဟာ မွတ်စလင်တို့ရဲ့ ရာမာဒန် ဥပုသ်လကို စဖို့ ပြင်ဆင်နေခဲ့တယ်လို့ ပါလက်စတိုင်း အရာရှိတွေက ပြောခဲ့ပါတယ်။
2 years Ago

March 25, 2019

ဂါဇာမှပစ်လိုက်သည့် တာဝေးပစ်ဒုံးကျည် အစ္စရေးရှိ အိမ်တလုံးကို ထိမှန်၊ ၆ ဦးဒဏ်ရာရ

ဂါဇာကမ်းမြောင်ဒေသကနေ ပစ်ခတ်လိုက်တဲ့ တာဝေးပစ်ဒုံးကျည်ဟာ အစ္စရေးနိုင်ငံ အလယ်ပိုင်းက အိမ်တလုံးကို မတ်လ ၂၅ ရက်က ထိမှန်ခဲ့လို့ လူ ၆ ဦး ဒဏ်ရာရပါတယ်။ ဒါဟာ ၂၀၁၄ စစ်ပွဲအပြီး အစ္စရေးရဲ့ စီးပွားရေးမြို့တော်နဲ့ လူ့အဖွဲ့အစည်းကို ဒုံးကျည်နဲ့ တိုက်ခိုက်တဲ့ ပထမဆုံးဖြစ်ရပ်ပါ။ တဲလ်အဗစ်မြို့တော် မြောက်ဘက်က စိုက်ပျိုးရေးမြို့ မစ်ရှ်မာရတ်ကို တိုက်ခိုက်ချိန်ဟာ အပတ်စဉ် ဂါဇာနယ်စပ် ဆန္ဒပြပွဲတွေ တနှစ်ပြည့်ချိန်မတိုင်ခင် အခြေအနေ ပိုတင်းမာနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အခင်းဖြစ်ချိန်မှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီကို သွားရောက်လည်ပတ်ရင်း ဧပြီ ၉ ရက် ရွေးကောက်ပွဲမှာ ငါးကြိမ်မြောက် သက်တမ်းအတွက် မဲဆွယ်နေပါတယ်။ အိမ်တအိမ်ကနေ မွေးကင်းစကလေးတဦး အပါအဝင် လူခြောက်ဦးကို ဆေးရုံတင်ပို့ပေးခဲ့ရတယ်လို့ မာဂံဒေးဗစ် အာဒွန် လူနာတင်ကားဌာနက ပြောပါတယ်။ ဒုံးကျည်ထိမှန်တဲ့အိမ်ဟာ မီးစွဲလောင်ခဲ့တယ်လို့ ရဲက ပြောခဲ့ပါတယ်။
2 years Ago
More News
Up