ဂဠုန်တပ်တော်

December 7, 2021

ဂဠုန်တပ်တော်က ရဲဘော်သုံးဦး မိုင်းမတော်တဆမှုကြောင့် ကျဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အခြေစိုက် ဂဠုန်တပ်တော်ကရဲ ဘော်သုံးဦးဟာ မြို့နယ်အတွင်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးနေတာကြောင့် ဒီဇင်ဘာလ ၅ ရက် ညနေ ၆ နာရီလောက် မိုင်းပြင်ဆင်ဆောင်ရွက်နေစဉ် မတော်တဆဖြစ်မှုကြောင့် ကျဆုံးခဲ့တယ်လို့  ဂဠုန်တပ်တော် စစ်ရေးတာဝန်ခံက အတည်ပြုပြောပါတယ်။

“တကယ်က အကြမ်းဖက်စစ်တပ်က ရွာနဲ့တစ်ရွာကျော်လောက် ရောက်လာလို့ အဝေးထိန်း မိုင်းမလောက်တာနဲ့ တိုက်မိုင်းလုပ်တဲ့အချိန်မှာ မတော်တဆဖြစ်သွားတာပါ။ ဂဠုန်တပ်တော်ရဲ့ တပ်ခွဲမှူးအပါအဝင် တပ်ဖွဲ့ဝင်တွေနဲ့ ညတွင်းချင်း မီးသင်္ဂြိုဟ်ပေးခဲ့ရပါတယ်ဗျ။ ယုံကြည်ချက်ချင်းတူလို့ ဒီတော်လှန်ရေးကို အတူတူလုပ်ခဲ့ကြတဲ့ ရဲဘော်တွေပဲဗျာ ပေးဆပ်ရတဲ့ တန်ဖိုးတွေကြီးမားပါတယ” လို့ ဂဠုန်တပ်တော်စစ်ရေးတာဝန်ခံ ပျံလွှားက DVB ကိုပြောပါတယ်။

ကျဆုံးသူရဲကောင်းတွေဟာ ဂဠုန်တပ်တော် သင်တန်းဆင်းရဲဘော် အသက် ၂၀ အရွယ်တွေဖြစ်ပြီး ရဲဘော်အေးဇော်ဝင်း ကိုယ်ပိုင်အမှတ်- D00051၊ ရဲဘော်ဇော်ဇော်နိုင် ကိုယ်ပိုင်အမှတ် -D00114 နဲ့ ရဲဘော်မျိုးမင်းထက် ကိုယ်ပိုင်အမှတ်-D00151 တို့ ဖြစ်တယ်လို့ ဂဠုန်တပ်တော်က ထုတ်ပြန်ထားပါတယ်။

ဒီပဲယင်းမြို့နယ်အတွင်းက ဂဠုန်တပ်တော်မှာ အခုလိုမတော်တဆဖြစ်လို့ ကျဆုံးသူ ၅ ဦးရှိခဲပြီဖြစ်ပြီး စစ်ဆင်ရေးမှာ ကျဆုံးသူမရှိခဲ့ဘဲ ဒဏ်ရာရသူ ၄ ဦးရှိတယ်လို့ သိရပါတယ်။

1 year Ago

September 12, 2021

ဂဠုန်တပ်တော်ကို အရာရှိစစ်သည် အင်အား ၅၀၀ ကျော်ဖြင့် ပြင်ဆင်ဖွဲ့စည်း

အမျိုးသားညီညွတ်ရေးအစိုးရ NUGက နိုင်ငံတဝန်း အရေးပေါ်အခြေအနေကြေညာပြီးနောက်မှာ ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်ကို  အရာရှိစစ်သည် အင်အား ၅၁၇ ဦးနဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

တပ်ဖွဲ့မှာ အရာရှိ ၁၇ ဦးပါဝင်ပြီး တပ်သားနဲ့အရန် အင်အား ၅၀၀ ပါဝင်ဖွဲ့စည်းထားကာ မြို့နယ်လုံးအတိုင်းအတာနဲ့ တော်လှန်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ဩဂုတ် ၅ ရက် ဂဠုန်တပ်တော်ဖွဲ့စည်းခဲ့ချိန်ကစပြီး စစ်တင်ဘာ ၁၁ ရက်အထိ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားကာ စစ်တပ်က ၁၀၀ ကျော်သေဆုံးတယ်လို့ ဂဠုန်တပ်ပြန်ကြားနေတာဝန်ခံက ပြောပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။

ဂဠုန်တပ်တော်အနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ထိခိုက်ပျက်စီးစေမှာမဟုတ်ဘဲ မိုင်းပေါက်ကွဲသံနဲ့ ပစ်ခတ်သံတွေ ကြားပါက ဆန့်ကျင်ရာ အရပ်တွေမှာ လုံခြုံစိတ်ချရတဲ့အထိ ရှောင်ရှားနေကြဖို့၊ စစ်ကောင်စီ စစ်ယာဉ်တန်းတွေနဲ့ ကပ်မလိုက်ဖို့ အရောတဝင်မနေကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါအပြင် တပ်တော်ရဲ့ထုတ်ပြန်ချက်မှာ ပြည်သူတွေအနေနဲ့ စစ်တပ်လှုပ်ရှားတဲ့အခြေအနေကို သတင်းပေးဖို့ ဖော်ပြထားပြီး ကိုယ်ပိုင်ငွေ၊အလှုငွေတွေနဲ့ ရပ်တည် လှုပ်ရှားခဲ့ပေမဲ့ အခုအခါမှာတော့ စစ်ရေးအခင်းအကျင်းအတွက် လိုအပ်တဲ့ လက်နက် ဝယ်ဖို့ နဲ့ တိုးလာတဲ့ တပ်သားတွေ အသုံးစရိတ်  လိုအပ်ချက်များ အရေးပေါ်လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။

2 years Ago
Up