ဂလက်စ်ဖား

February 9, 2020

ရှားပါး ဖားမျိုးစိတ် ဘိုလီဗီးယားတွင် တွေ့ရှိ

နှစ်ပေါင်း ၂၀ နီးပါး မတွေ့ရတဲ့ ရှားပါး ဂလက်စ်ဖားကို ဘိုလီးဗီးယားနိုင်ငံမှာ ပြန်တွေ့ရပြီလို့ ထိန်းသိမ်းစောင့်ရှောက်သူတွေက ဖေဖော်ဝါရီလ ၆ ရက်မှာ ပြောခဲ့ပါတယ်။  အရေပြားကို ဖောက်ထွင်းပြီး ကိုယ်တွင်းအင်္ဂါတွေကို မြင်တွေ့နိုင်တဲ့ ရှားပါး ဂလက်စ်ဖားဟာ အရွယ်အားဖြင့် ၀ ဒသမ ၇ လက်မသာရှိပြီး သူ့ကို စိမ်းစိုတဲ့ သစ်ရွက်တွေကြားမှာ တွေ့ဖို့ ခက်ခဲပါတယ်။  ဘိုလီးဗီးယား အခေါ်  ကော့ခရမ်ဖားကို ဇန်နဝါရီလမှာ ကာရာစကို အမျိုးသားဥယျာဉ်မှာ ပြန်တွေ့ရှိခဲ့တာပါ။ ဒါဟာ အဲဒီဒေသမှာ ရေအားလျှပ်စစ် စီမံကိန်းကြောင့် ခြိမ်းခြောက်ခံနေရတဲ့ တိရစ္ဆာန်တွေကို ကယ်ဆယ်တဲ့ ပရောဂျက် တစိတ်တဒေသ ဖြစ်ပါတယ်။  တိရစ္ဆာန်စောင့်ရှောက်သူတွေဟာ ပြန်တွေ့ရှိတဲ့ ဂလက်စ်ဖားတွေကို သားဖောက်ဖို့အတွက် အယ်ဆိုက်ဒေါ်ဘင်နီ ပြတိုက်ရှိ ထိန်းသိမ်းရေးစင်တာမှာ ထားရှိပါတယ်။  ဂလက်စ်ဖားတွေဟာ ရင်ဘတ် အဖြူရောင်ရှိပြီး ကိုယ်အောက်ပိုင်းနဲ့ ဘေးနှစ်ဖက်စလုံးဟာ မှန်လို ထွင်းဖောက်မြင်ရပါတယ်။ နောက်ပြီး သူတို့ရဲ့အရိုးတွေဟာ စိမ်းပြာရောင်ရှိတယ်လို့  တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ပညာရှင်က ပြောခဲ့ပါတယ်။ 
1 year Ago
Up