ဂရီးလစ်ရှ်

January 8, 2021

ဂရီးလစ်ရှ်ကို မခေါ်စေလိုဟု  မန်ယူတိုက်စစ်မှူးဟောင်း အင်ဒီကိုးလ် ပြော

ဂျက်ဂရီးလစ်ရှ်ဟာ ကစားသမားကောင်း တစ်ဦးဖြစ်ပေမဲ့ မန်ယူနိုက်တက်အသင်းနဲ့ အံဝင်နိုင်မှာ မဟုတ်ဘူးလို့  တိုက်စစ်မှူးဟောင်း အင်ဒီကိုးလ်က ပြောပါတယ်။   အပြောင်းအရွှေ့ကာလ တစ်ခု ဖွင့်လှစ်ချိန်မှာ ယူနိုက်တက်အသင်းနဲ့ ဂရီလစ်ရှ်တို့ကြား သတင်းတွေ ထပ်မံပေါ်ထွက်လာတဲ့ အပေါ် အင်ဒီကိုးလ်က သုံးသပ်ပြောကြားလိုက်တာပါ။  အခုအပြောင်းအရွှေ့ကာလ မတိုင်ခင်  ပြီးခဲ့တဲ့ တစ်နှစ်လောက်က ယူနိုက်တက်အသင်းနဲ့ အက်စတွန်ဗီလာ အသင်းခေါင်းဆောင်တို့အကြား အပြောင်းအရွှေ့ကိစ္စဟာ တော်တော်လေး သတင်းကြီးခဲ့ပါတယ်။  ဒါပေမဲ့ အဲ့ဒီနောက်မှာတော့ ယူနိုက်တက်အသင်းဟာ စပို့တင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကိုသာ ပြောင်းလဲခေါ်ယူခဲ့ပါတယ်။  အပြောင်းအရွှေ့ကိစ္စမဖြစ်ခဲ့ပေမဲ့ ဂရီးလစ်ရှ်နဲ့ ခြေစွမ်းပြနေနိုင်မှုအပြင် အသင်းက ပေါ့ဘာရဲ့အနာဂတ် မသေချာမှုတွေကြောင့် ယူနိုက်တက်အသင်းနဲ့ ဂရီးလစ်ရှ်တို့ရဲ့ အပြောင်းအရွှေ့ ကိစ္စဟာ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့တာပါ။  ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်ကိုယ်တိုင်က ယူနိုက်တက်အသင်းမှာ ပေါ့ဘာ ဆက်ရှိနေသည်ဖြစ်စေ အသင်းကနေ ထွက်ခွာသွားသည်ဖြစ်စေ မစိုးရိမ်ကြောင်းနဲ့ သူဟာ ဂရီးလစ်ရှ်ကို နှစ်သက်သူဖြစ်ကြောင်း ပြောပါတယ်။  သူဟာအင်္ဂလန်က ထိပ်သီး ၃၊ ၄ သင်းရဲ့ အသင်းနည်းပြဖြစ်နေမယ်ဆိုရင် ဂရီးလစ်ရှ်ကို ဗီလာအသင်းကနေ မရရအောင်ခေါ်ယူသွားမှာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။  ဒါပေမဲ့  နောက်ထပ်ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ အင်ဒီကိုးလ်ကတော့ ဖာဒီနန်နဲ့ အမြင်ခြင်း မတူပါဘူး။  လက်ရှိ ဈေးကွက်အခြေအနေအရ ဂရီးလစ်ရှ်ရဲ့တန်ကြေးဟာ ပေါင်သန်း ၁၀၀ နီးပါးအထိ ရှိနေပြီး ဒီကစားသမားက ဆိုးလ်ရှားရဲ့ အိုးထရက်ဖို့ဒ်က နည်းစနစ်နဲ့အံဝင်ပါ့မလားဆိုတာ သံသယ ရှိတယ်လို့ ကိုးလ်က ပြောပါတယ်။  ကိုးလ်က “ ဂရီးလစ်ရှ်ဟာ ကစားသမားကောင်းတစ်ယောက်ပါ။ ဒါနဲ့ပတ်သက်လို့ ကျနော့် မှာ ငြင်းစရာမရှိပါဘူး။ ဒါပေမဲ့ အခုလက်ရှိ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်အခြေအနေကို ကြည့်မယ်ဆိုရင် သူ့ကို ဘယ်နေရာမှာ ကစားခိုင်းမလဲလို့ တွေးမိပါတယ်။ အခုလက်ရှိ ယူနိုက်တက်အသင်းမှာ ဖာနန်ဒက်စ်က တော်တော်လေးကို ခြေစွမ်းပြနေတာပါ။ ဂရီးလစ်ရှ်နဲ့ သူနဲ့ ကစားပေါက်တူပြီး ဂရီးလစ်ရှ်ကို ခေါ်လိုက်မယ်ဆိုရင် ဖာနန်ဒက်စ်ကိုဘယ်နေရာမှာ ထား ကစားမှာလဲ။ သူ့ကို ဘယ်အစွန်ကို ပို့ လို့ရတယ်ပဲထား၊ ဘယ်ဘက်မှာက ရက်ဖို့ဒ်ရှိနေတယ်လေ” ပြောပါတယ်။ 
1 year Ago

November 7, 2020

ဗီလာအသင်းခေါင်းဆောင် ဂရီးလစ်ရှ်ကို အာတီတာ ချီးကျူး

အက်စတွန်ဗီလာအသင်း ခေါင်းဆောင် ဂျက်ဂရီးလစ်ရှ်ဟာ ပွဲအဖြေကို ပြောင်းလဲပစ်နိုင်ပြီး ကွင်းရဲ့ ဘယ်နေရာမှာမဆို အန္တရာယ်ပေးနိုင်တဲ့ ထိပ်တန်းကစားသမားတဦး ဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ချီးကျူးလိုက်ပါတယ်။  အာဆင်နယ်အသင်းဟာ နိုဝင်ဘာ ၈ ရက် (တနင်္ဂနွေနေ့)မှာ ဗီလာအသင်းကို အမ်းမရိတ်မှာ လက်ခံကစားရမှာဖြစ်ပြီး ဒီပွဲမှာ အင်္ဂလန်လက်ရွေးစင် ဂရီးလစ်ရှ်ဟာ ဗီလာအသင်းကို ဦးဆောင်လာမှာ ဖြစ်ပါတယ်။  ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ အသင်းကြီးတွေနဲ့ သတင်းထွက်ခဲ့သူဖြစ်ပြီး ယူနိုက်တက်အသင်းနဲ့ အသံအကျယ်ဆုံး ဖြစ်ခဲ့ပါတယ်။  ဒါပေမဲ့ ဗီလာမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး အသင်းအတွက် အထူးခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာတီတာက သူ့ကို ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ “သူဟာ ပါရမီရှိတဲ့ ထိပ်တန်းကစားသမားပါ။ သူဟာ ဘယ်အချိန်မှာမဆို ခြားနားမှုတွေကို လုပ်ဆောင်နိုင်စွမ်းရှိသူလည်း ဖြစ်ပါတယ်။ သူဟာ ဘယ်အခြေအနေမျိုးမှာမဆို ကွင်းရဲ့  ဘယ်နေရာမဆို ပြိုင်ဘက်ဆီက ဘောလုံးကို ရယူနိုင်စွမ်းရှိသူ ဖြစ်တာကြောင့် ကျနော်တို့ သူ့ကို သတိထား ကစားရပါမယ်”လို့ အာတီတာက ပြောပါတယ်။ ဗီလာအသင်းရဲ့ ဂိုးသမားဖြစ်တဲ့ မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကမှ အာဆင်နယ်အသင်းကနေ ပြောင်းရွှေ့သွားခဲ့သူဖြစ်ပြီး မာတီနက်ဇ်နဲ့ပတ်သက်လို့လည်း အာတီတာက အခုလိုပြောခဲ့ပါတယ်။  “သူ့ကို ရောင်းထုတ်ဖို့ အစီစဉ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကျနော်တို့အသင်းရဲ့ လူစာရင်းကို ချိန်ညှိဖို့ လိုသလို သူကိုယ်တိုင်ကလည်း ပွဲထွက်ခွင့်ရဖို့ လုံးဝထိုက်တန်မှုရှိတာကြောင့် အသင်းပြောင်းဖို့ ဖြစ်လာတာပါ” လို့ပြောပါတယ်။  မာတီနက်ဇ်ဟာ အာဆင်နယ်အသင်းမှ ဆယ်စုနှစ် တခုကြာ ကစားခဲ့သူဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့်ပေးနိုင်တဲ့ ဗီလာအသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့ရာသီရဲ့နောက်ဆုံးနေ့မှာမှ တန်းဆင်းရမယ့်အရေးကနေ လွတ်မြောက်ခဲ့တာဖြစ်ပြီး ဒီရာသီမှာတော့ မနှစ်ကထက်ပိုတဲ့ စွမ်းဆောင်ရည်ကို ပြသဖို့ အလားအလာကောင်းတွေ ရှိနေတယ်လို့ အာတီတာက သုံးသပ်ပါတယ်။   အာတီတာက အသင်းရဲ့ကွင်းလယ်လူ ဒေါက်ကလပ်စ်လူးဝစ္စကိုလည်း ထုတ်ဖော်ချီးကျူးသွားခဲ့ပါတယ်။ “သူတို့မှာ ကစားသမားတွေနဲ့ ကောင်းမွန်တဲ့နားလည်မှုမျိုး ရှိနေတယ်လို့ ကျနော် ထင်ပါတယ်။ သူတို့ဟာ မန်နေဂျာနဲ့လည်း ကာလရှည်လက်တွဲခဲ့ပြီး ဖြစ်ပါတယ်။ သူတို့ရဲ့ ကစားသမား ခေါ်ယူမှုအပိုင်းဟာလည်း  အထူးကောင်းမွန်နေပြီး မာတီနက်ဇ်၊ ရို့စ်ဘာကလေနဲ့ ဒေါက်ကလပ်စ်လူးဝစ္စတို့ ရှိနေပါတယ်” လို့ ပြောပါတယ်။  လူးဝစ္စဟာ မန်စီးတီး ကစားသမားဟောင်းဖြစ်ပြီး ဂွါဒီယိုလာ မန်စီးတီးအသင်းမှာ ရှိနေစဉ် လက်တွဲအလုပ်လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။
1 year Ago
More News
Up