ဆွီဒင်နိုင်ငံက ရာသီဥတုအရေးတက်ကြွလှုပ်ရှားသူ ဆယ်ကျော်သက်ကျောင်းသူလေး ဂရီတာသန်းဘတ်ကို ၂၀၁၉ ခုနှစ်အတွက် Person of the Year အဖြစ် တိုင်းမ်မဂ္ဂဇင်းက ဒီဇင်ဘာ ၁၁ရက်မှာ ဖော်ပြခဲ့ပါတယ်။
၂၀၂၀ ဇန်နဝါရီလမှာ အသက် ၁၇ နှစ်ပြည့်မယ့် သန်းဘတ်ဟာ ကမ္ဘာ့ရာသီဥတု ကပ်ဘေးပြဿနာကို ချက်ချင်း အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းခဲ့သလို ရာသီဥတုအရေးနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေတဲ့ နိုင်ငံရေးသမားတွေကို ဆန့်ကျင်လှုပ်ရှားမှုမှာလည်း တကမ္ဘာလုံးက သန်းချီတဲ့လူငယ်တွေ ပါဝင်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ် ဩဂုတ်လမှာ သောကြာနေ့တိုင်း ကျောင်းမတက်ဘဲ ရာသီဥတု ပြောင်း လဲမှုကို အရေးယူဆောင်ရွက်ပေးဖို့ ဆွီဒင်လွှတ်တော်ရှေ့မှာ တကိုယ်တော်ဆန္ဒပြခဲ့တဲ့ သန်းဘတ်ရဲ့ Friday for Future လှုပ်ရှားမှုက တကမ္ဘာလုံးအတိုင်းအတာထိ ပျံ့နှံ့သွားခဲ့တာပါ။
လွန်ခဲ့တဲ့ ၁၆ လကတည်းက သန်းဘတ်ဟာ ကုလသမဂ္ဂညီလာခံတွေမှာ ရာသီဥတု ဆိုင်ရာမိန့်ခွန်းတွေ ပြောကြားခဲ့တာပါ။
ပုပ်ရဟန်းမင်းကြီး၊ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် စတဲ့ အထင်ကရပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၀ ရက်က ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုသပိတ်မှာ လူပေါင်း ၄ သန်း ပါဝင်လာအောင် သြဇာလွှမ်းမိုးမှုရှိခဲ့တယ်။
အဲဒီသပိတ်ဟာ လူသားတွေရဲ့သမိုင်းမှာ အကြီးမားဆုံး ရာသီဥတုအရေးဆန္ဒပြမှု ဖြစ်တယ်လို့ တိုင်းမ်မဂ္ဂဇင်းက ပြောပါတယ်။
ဂရီတာသန်းဘတ်ဟာ ဒီဇင်ဘာ ၉ ရက်ကလည်း စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ပြု လုပ်နေတဲ့ ကုလသမဂ္ဂဆိုင်ရာ ရာသီဥတုအရေးညီလာခံကို တက်ရောက်လာပြီး ရာသီဥတု အရေးနဲ့ ပတ်သက်လို့ နိုင်ငံရေးသမားတွေဟာ အခုချိန်ထိ မလှုပ်မယှက် ငြိမ်နေကြတယ်လို့ ပြောခဲ့ပါတယ်။
1 year Ago