ဂရီဂိုရီ၊ ချွိုင်ဆွန်ဆီနှင့် လေ၊ ဝမ်း မကွဲကြသူများ

December 15, 2016

ဂရီဂိုရီ၊ ချွိုင်ဆွန်ဆီနှင့် လေ၊ ဝမ်း မကွဲကြသူများ

နန်းတွင်း ပျောက်စေဆရာကြီး ဂရီဂိုရီဆိုသည်မှာ ၁၈၆၉ ခုနှစ်မှ ၁၉၁၆ ခုနှစ်အထိ အသက်ရှင်သန်ခဲ့သော ရုရှားဇာဘုရင်၏ နန်းတွင်းပျောက်စေဆရာကြီး ဂရီဂိုရီ ရပ်စ်ပြူတင်ကို ဆိုခြင်းဖြစ်သည်။ ရပ်စ်ပြူတင်အကြောင်းကို သတိရမိခြင်းမှာ ယခုတလော ရပ်စ်ပြူတင်ကဲ့သို့  ပယောဂဆရာတဦး၏ သမီးဖြစ်သူက အစိုးရအဖွဲ့ခေါင်းဆောင် သမ္မတ၏သြဇာကို အသုံးပြု၍ အဂတိလိုက်စားခဲ့ရာမှ အရှုပ်အထွေးများ ပေါ်လာပြီး သမ္မတပါ ဖြုတ်ချခံရတော့မည့်အရေး ပေါ်ပေါက်လာခြင်းကြောင့် ဖြစ်သည်။ သူမကား တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေး၏ လူယုံတော်၊ ပယောဂဆရာ ချွိုင်တေမင်း၏သမီး ချွိုင်ဆွန်ဆီပင် ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့က တရားစွဲဆိုရေး အရာရှိများက သူမကို နိုင်ငံတော်ရေးရာကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှုနှင့် ချေဘိုးလ် ခေါ် တောင်ကိုရီးယား ကုမ္ပဏီကြီးများထံမှ ဒေါ်လာသန်းပေါင်းများစွာကို သူမ ချုပ်ကိုင်ထားသော ဖောင်ဒေးရှင်းများ၊ စီးပွားရေးလုပ်ငန်းများသို့ အလှူငွေများ ဇွတ်အတင်း ထည့်ဝင်စေမှုနှင့် ပတ်သက်၍ တရားစွဲဆိုခဲ့ကြလေသည်။ ယခု တောင်ကိုရီးယား အရှုပ်တော်ပုံအကြောင်းကို မပြောမီ သမိုင်းတွင် ရှိခဲ့ဖူးသည့် ပျောက်စေဆရာလိုလို၊ ပယောဂဆရာလိုလို လူထူးလူဆန်း ရပ်စ်ပြူတင်၏ နန်းတွင်းအရှုပ်တော်ပုံအကြောင်း ပြောလိုပါသည်။ ရပ်စ်ပြူတင်သည် ၁၈၆၉ ခုနှစ်တွင် ရုရှားနိုင်ငံ ဆိုက်ဗေးရီးယားနယ်တွင် သာမန် လယ်သမားမိသားစုမှ မွေးဖွားလာသူ ဖြစ်သည်။ ရဟန်းဖြစ်ခွင့် လွဲချော်သွားပြီးသည့်နောက်ပိုင်း နယ်တကာ လှည့်လည်သွားလာနေခဲ့ရာမှ နောက်ဆုံးတွင် သူ၏ ပျောက်စေ၊ မန်းမှုတ်အစွမ်းဖြင့် ဇာဘုရင် နီကိုးလပ်စ်-၂ ၏ သားတော် အလက်ဇီ၏ သွေးမတိတ်သည့်ရောဂါကို ကုသပေးနိုင်ခဲ့ခြင်းကြောင့် ယုံကြည်မှုကိုရရှိကာ ရုရှားနန်းတော်တွင်းသို့ ရောက်ရှိလာခဲ့သည်။ သူ၏ ပျောက်စေရောဂါကုအစွမ်းနှင့် အနာဂတ်နိမိတ်ဖတ်ချက်များ မှန်ကန်မှုကြောင့် ဇာဘုရင်၏ မိဖုရား အလက်ဇန္ဒြား ဖီယိုဒိုရိုဗနာ၏ အသည်းစွဲဖြစ်လာခဲ့သည်။ ထိုသို့သော ယုံကြည်မှုနှင့် အလွန်အကျွံ ရင်းနှီးမှုများကြောင့် အလက်ဇန္ဒြား မိဖုရားနှင့် ရပ်စ်ပြူတင်တို့အကြား မရှင်းမရှင်း ဖြစ်ခဲ့ကြသည်ဟုပင် ကောလာဟလများ ပျံ့နှံ့လာသည်။ ရပ်စ်ပြူတင်၏ သောက်သောက်စားစား ပါတီပွဲများအတွင်း မိဖုရား အလက်ဇန္ဒြားကိုသာမက သူမ၏ သမီးတော်များအပေါ်ကိုပင် ကိုယ်ထိလက်ရောက် အခွင့်အရေးယူခဲ့သည်ဟု ဆိုသည်။ ဇာဘုရင် နီကိုးလပ်စ်သည်ပင်လျှင် သူ၏သြဇာအောက်တွင် ရောက်နေခဲ့သည်ဟု ဆိုကြလေသည်။ ထိုသို့ အလက်ဇန္ဒြားမိဖုရားအပေါ် တနေ့တခြား သြဇာလွှမ်းမိုးလာသော ရပ်စ်ပြူတင်သည် ၁၉၁၁ ခုနှစ်နောက်ပိုင်းတွင် အစိုးရ အထက်တန်းရာထူး နေရာများတွင် သူ့လူများကို အစားထိုး ခန့်ထားစေခြင်းဖြင့် နိုင်ငံတော်၏ အရေးအရာများကို သြဇာသက်ရောက် ခြယ်လှယ်ခွင့် ရလာခဲ့သည်။ ဇာဘုရင်နှင့် မိဖုရားတို့၏ ထိုသို့သော အားနည်းချက်များကြောင့် အများက ၎င်းတို့အပေါ် အရိုအသေ တန်လာကြလေသည်။ ၁၉၁၆ ခုနှစ်တွင် မင်းမျိုးမင်းနွယ်တစုက ရပ်စ်ပြူတင်ကို လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ သူသောက်မည့် ဝိုင်နှင့် အဆာသွတ်မုန့်များတွင် ဆိုင်ယနိုက် အဆိပ်ခတ်၍ လုပ်ကြံခဲ့သော်လည်း ရပ်စ်ပြူတင်ကား မသေခဲ့။ သို့ဖြစ်၍ လုပ်ကြံသူများက သေနတ်ဖြင့် ပစ်ရုံမက ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခဲ့သော်လည်း မသေနိုင်သေးသဖြင့် အဝတ်များပတ်၍ နီဗားမြစ်ထဲသို့ ပစ်ချကာ ရေနှစ်သတ်ခဲ့ကြလေသည်။ နောက်ထပ် သုံးရက်ကြာသောအခါ သူ့အလောင်းကို နီဗားမြစ်အတွင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။ ရပ်စ်ပြူတင် သေဆုံးသွားခဲ့သော်လည်း နောက်ဆုံး သူ့နိမိတ်ဖတ်ချက်များမှာကား ကျေပျက်မသွားချေ။ သူ မသေခင်အချိန်က နီကိုးလပ်စ်ဘုရင်ထံ ရေးခဲ့သည့်စာထဲတွင် သူ့ကို အစိုးရအရာရှိများက သတ်ဖြတ်ခဲ့ကြပါက တော်ဝင်မိသားစုအားလုံး ရုရှားပြည်သူလူထု၏ သတ်ဖြတ်မှုကို ခံရလိမ့်မည်ဟု ဆိုခဲ့သည်။ နောက်ထပ် ၁၅ လ ကြာပြီးနောက် ဇာဘုရင်၊ မိဖုရားနှင့် သားသမီးများအားလုံး ၁၉၁၇ ခုနှစ် ရုရှားတော်လှန်ရေးအတွင်း လူသတ်သမားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရလေသည်။ ဇာဘုရင်၏ ရုရှားတော်ဝင်မိသားစု အထင်သေးအမြင်သေးခံရပြီး ရပ်စ်ပြူတင် လုပ်ကြံခံရခြင်းမှာ နိုင်ငံ့ခေါင်းဆောင်အနေဖြင့် ပုဂ္ဂိုလ်ရေး ယုံကြည်ရင်းနှီးမှုသက်သက်ဖြင့် မသက်ဆိုင်သူတယောက်ကို ထိပ်တန်းနိုင်ငံ့ရေးရာများတွင် ပါဝင်သြဇာညောင်းခွင့်ပြုခဲ့ခြင်းမှ စတင်သည်ဟု ဆိုရပေမည်။ ယခုအခါ ထိုသို့သော သမိုင်းဖြစ်ရပ်မျိုး တောင်ကိုရီးယားနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိပေသည်။ အခြေခံဥပဒေကို ချိုးဖောက်သူ ဒီဇင်ဘာလ ၉ ရက်နေ့က ကျင်းပသည့် တောင်ကိုရီးယားလွှတ်တော် အစည်းအဝေးက သမ္မတ ပတ်ဂွမ်ဟေးကို စွပ်စွဲပြစ်တင်ခဲ့ကြရာ ထောက်ခံမဲ ၂၃၄ မဲ၊ ကန့်ကွက်မဲ ၅၆ မဲဖြင့် စွပ်စွဲပြစ်တင်မှု အောင်မြင်သွားပါသည်။ စွပ်စွဲပြစ်တင်ချက် အပြီးအပြတ်ဖြစ်ရန် ရက်ပေါင်း ၁၈၀ အတွင်း အခြေခံဥပဒေဆိုင်ရာခုံရုံး၏ အတည်ပြုချက်ရယူရန် လိုအပ်သေးသော်လည်း လွှတ်တော်၏ ဆုံးဖြတ်ချက်မှာ ချက်ချင်း အကျိုးသက်ရောက်မှုရှိသဖြင့် သူ၏တာဝန်များကို ဝန်ကြီးချုပ်အား ယာယီလွှဲပြောင်းပေးလိုက်ရပါပြီ။ လွှတ်တော်အမတ်များက သူမကို ဆန့်ကျင်မဲပေးခဲ့ကြမည်ဆိုလျှင် သူမအနေဖြင့် သမ္မတတာဝန်မှ နုတ်ထွက်ပါမည်ဟု ပြောဆိုထားခဲ့ရာ ကတိအတိုင်း နုတ်ထွက်ခဲ့မည်ဆိုလျှင် သမ္မတသစ် ရွေးကောက်ပွဲကို ရက်ပေါင်း ၆၀ အတွင်း ကျင်းပပြုလုပ်ရမည် ဖြစ်သည်။ စွပ်စွဲပြစ်တင်ချက် အဆိုတင်သွင်းစဉ် အတိုက်အခံ ဥပဒေပြုအမတ် ကင်ကွမ်ယုန်က “သမ္မတ ပတ်ဂွမ်ဟေးဟာ နိုင်ငံခေါင်းဆောင်တယောက်၊ အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲ တယောက်အနေနဲ့ သူ့တာဝန်တွေကို မေ့လျော့နေတာသာမကဘဲ အခြေခံဥပဒေနဲ့ ပြည်သူ့တာဝန် ထမ်းဆောင်ဖို့ အခြားပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကိုပါ ချိုးဖောက်ခဲ့တာဖြစ်တယ်” ဟု ပြောဆိုသွားလေသည်။ သမ္မတ ပတ်ဂွမ်ဟေးမှာ အသက် ၆၄ နှစ်ရှိပြီဖြစ်ပြီး ၁၉၇၀ နှင့် ၈၀ ခုနှစ်များအတွင်း အာရှအရှေ့ပိုင်းရှိ နိုင်ငံကို စီးပွားရေး လျှင်မြန်စွာ တိုးတက်လာစေရန် တွန်းတင်နိုင်ခဲ့မှုအပေါ် အသိအမှတ်ပြုခံရသည့် ယခင်စစ်အာဏာရှင်ဟောင်း ပတ်ချုံဟီး၏သမီး ဖြစ်သည်။ သမ္မတအနေဖြင့် နှစ်ရှည်လများ တိုးတိုးဖော်ဖြစ်ခဲ့သည့် ချွိုင်ဆွန်ဆီအား အရေးကြီး ကန့်သတ်စာရွက်စာတမ်းများကို မျှဝေဖတ်ရှုခွင့်ပြုခဲ့သည်ဟုလည်း စွပ်စွဲခံထားရလေသည်။ ချွိုင်ဆွန်ဆီ၏ဖခင်မှာ ဘိုးတော်ယောင်ယောင်၊ ပယောဂကုယောင်ယောင် ဘာသာရေး ခေါင်းဆောင်တဦးဖြစ်ပြီး သမ္မတပတ်ဂွမ်ဟေးနှင့်ရော သူမ၏ဖခင်နှင့်ပါ ရင်းနှီးကျွမ်းဝင်သည်။ ချွိုင်ကို သမ္မတ၏အရှိန်အဝါကို အသုံးပြုကာ LG၊ Hundai၊ Samsung စသည်တို့ အပါအဝင် တောင်ကိုရီးယားကုမ္ပဏီကြီးများထံမှ အမေရိကန်ဒေါ်လာ သန်း ၇၀ နီးပါး မတော်မတရား တောင်းခံရယူမှု၊ နိုင်ငံတော် ထိပ်တန်းရေးရာများတွင် ပါဝင်စွက်ဖက်မှုဖြင့် တရားစွဲထားလေသည်။ ထိုသို့သော အကြောင်းများကြောင့် လွန်ခဲ့သော သီတင်းပတ်များအတွင်းက ကိုရီးယားပြည်သူ ၅၀၀,၀၀၀ မှ ၁ ဒသမ ၅ သန်းခန့်သည် ဆိုးလ်မြို့လယ်တွင် စုရုံးကာ သမ္မတ နုတ်ထွက်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ သမ္မတပတ်အနေဖြင့် ချွိုင်အပေါ် စွပ်စွဲထားသည့် ဘောင်ကျော်လုပ်ဆောင်ခဲ့မှုများအတွင်း ကြီးကြီးမားမား ပါဝင်ပတ်သက်နေသည်ဟု တရားစွဲဆိုသူများက ပြောဆိုနေကြသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေက ပုန်ကန်ခြင်းနှင့် နိုင်ငံတော်သစ္စာဖောက်မှုမှလွဲ၍ တရားစွဲဆိုခွင့် မရှိစေရန် သမ္မတကို အကာအကွယ်ပေးထားလေသည်။ ပတ်အနေဖြင့် ယခုကိစ္စနှင့်ပတ်သက်ပြီး ၃ ကြိမ်တိုင်တိုင် ပြည်သူလူထုအား တောင်းပန်ခဲ့သော်လည်း သူမ၏ ပုဂ္ဂိုလ်ရေးအကျိုးစီးပွား မပါဝင်ကြောင်း ငြင်းဆိုထားသည်။ သို့သော် တဘက်တွင် သူမ သမ္မတရာထူးမှ နုတ်ထွက်သွားမှ တရားစွဲဆိုဖို့ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုမှုများလည်း ရှိနေသည်။ သမ္မတ ပတ်ဂွမ်ဟေး၏ ပြဿနာမှာ အစိုးရအဖွဲ့အတွင်း တာဝန်မရှိသော ရင်းနှီးသည့် သာမန်မိတ်ဆွေတယောက်အား အစိုးရ၏ ထိပ်တန်းလျှို့ဝှက်ကိစ္စများတွင် ပါဝင်ပတ်သက်ခွင့်၊ သမ္မတသြဇာကို တလွဲအသုံးပြု အဂတိလိုက်စားခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ တနည်းအားဖြင့်ဆိုလျှင် ဥပဒေစည်းဘောင်များကို ဂရုမစိုက်ဘဲ မိမိယုံကြည်ရာလူကို နိုင်ငံ့တာဝန်ဝတ္တရားများတွင် ထွေးရောယှက်တင် ပါဝင်စေခြင်းဖြင့် အလွဲသုံးစားလုပ်စေခြင်း ဖြစ်ပေသည်။ အရပ်စကားနှင့် ပြောရလျှင် လေနှင့်ဝမ်း မကွဲခြင်း သို့မဟုတ် တမင်တကာ မကွဲအောင်လုပ်ခြင်းဟု ဆိုနိုင်ပေလိမ့်မည်။ လေနှင့်ဝမ်း မကွဲကြသူများ ဤသည်နှင့်ပတ်သက်၍ တဆက်တည်း စဉ်းစားမိသည်မှာ ကျနော်တို့နိုင်ငံတွင် လက်ရှိ အစိုးရနှင့် လွှတ်တော်တို့တွင် တာဝန်ထမ်းဆောင်နေသော ပုဂ္ဂိုလ်များကို အရေးယူ အပြစ်ပေးသည့်အခါ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းထားချက်များအတိုင်း တာဝန်ရှိပုဂ္ဂိုလ် အဖွဲ့အစည်းတို့မှ အရေးယူခြင်းမပြုလုပ်ဘဲ ပါတီက အရာရာကို ဦးဆောင်သည်ဆိုသည့်မူဖြင့် နေရာတကာ ပါဝင်နေသည်ကို စိတ်မသက်မသာ တွေ့မြင်နေရခြင်း ဖြစ်ပေသည်။ အုပ်ချုပ်ရေးကဏ္ဍ၊ ဥပဒေပြုရေးကဏ္ဍ၊ ပါတီစည်းရုံးရေးကဏ္ဍ စသည့် ကဏ္ဍအသီးသီးတွင် ဆောင်ရွက်ရန် ဥပဒေ၊ နည်းဥပဒေနှင့် အများသဘောတူ ချမှတ်ထားသည့် စည်းကမ်းများရှိပြီး ဖြစ်ပါလျက် လေနှင့်ဝမ်း မကွဲဘဲ ရောထွေးလျက် ပြောဆိုဆောင်ရွက်နေကြခြင်းမှာ လွန်စွာ ရင်လေးဖွယ် ကောင်းလှသည်။ နောင်လာနောက်သားများအတွက် မည်သို့သော စံနမူနာများကို ချန်ထားခဲ့လေမည်နည်းဟု တွေးတောရင်မောမိပါသည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဧရာဝတီသတင်းဌာန သတင်းတခုအရ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌများကို အန်အယ်လ်ဒီပါတီမှ စတင်စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ဖတ်လိုက်ရသည်။ တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌများကို တိုင်ကြားခံရသည့်အမှုမှာ တိုင်းလွှတ်တော်အဆောက်အဦများ ဆောက်လုပ်ရန် တင်ဒါခေါ်ရာတွင် အဂတိလိုက်စားသည်ဆိုသော စွပ်စွဲချက် ဖြစ်ပါသည်။ နိုင်ငံရေးပါတီတရပ်အနေဖြင့် ပါတီတွင်း စည်းကမ်းဖောက်ဖျက်မှုများ၊ အကျင့်ပျက်မှုများကို ပါတီမှ စုံစမ်းအရေးယူခြင်းမှာ မှန်ကန်ပါသည်။ စုံစမ်းစစ်ဆေးပြီး အပြစ်ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရလျှင် ပါတီတွင်း အပြစ်ပေး အရေးယူမှုကိုသာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လက်ရှိ ထမ်းဆောင်နေသည့် ဥပဒေပြုရေးမဏ္ဍိုင် တာဝန်များနှင့်ပတ်သက်၍မူ နုတ်ထွက်စေသင့်ကြောင်း ယူဆပါက မိမိကိုယ်တိုင် နုတ်ထွက်စာ တင်ခိုင်းရပေလိမ့်မည်။ ထိုသို့ မိမိကိုယ်တိုင် နုတ်ထွက်စာမတင်ခဲ့လျှင် အခြေခံဥပဒေပုဒ်မ ၁၆၅ တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည် ဖြစ်ပေသည်။ အကယ်၍ ပါတီက စုံစမ်းစစ်ဆေးသည့်အခါ အဂတိလိုက်စားမှုမတွေ့ဟု ဆုံးဖြတ်လျှင်လည်း တိုင်ကြားသည့် လွှတ်တော်ကိုယ်စားလှယ်များက ဆန္ဒရှိလျှင် အခြေခံဥပဒေပုဒ်မ ၁၆၅ အတိုင်း လွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌများအပေါ် အရေးယူဆောင်ရွက်ရန် ပါတီက ခွင့်ပြုရမည် ဖြစ်လေသည်။ ပြည်ထောင်စုအစိုးရ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို အရေးယူရာတွင်လည်း ထိုသူသည် အဂတိလိုက်စား၍ သို့မဟုတ် ပါတီစည်းကမ်း ဖောက်ဖျက်၍ မဟုတ်ပေ။ မည်သည့် ဥပဒေချိုးဖောက်မှုကိုမျှ ရှာမတွေ့ဟု ဆိုပါသည်။ မှားယွင်းသွားသည်ဟု ယူဆနိုင်သည့်ကိစ္စမှာ ဟဲဟိုးရှိ ပုဂ္ဂလိကသို့ ချထားပေးပြီးသား စိုက်ပျိုးရေးသုတေသနခြံကို မိမိတဦးတည်းသဘောဖြင့် ပြန်လည်သိမ်းယူသည့်ကိစ္စသာလျှင် ဖြစ်သည်။ ထိုကိစ္စမှာ ပါတီစည်းကမ်းချိုးဖောက်ခြင်းလည်း မဟုတ်၊ အကျင့်စာရိတ္တ ပျက်ပြားခြင်း၊ အဂတိလိုက်စားခြင်းလည်း မဟုတ်သဖြင့် ပါတီတွင်း တာဝန်ရှိပုဂ္ဂိုလ်တဦးက ဖြေရှင်းရန်မသင့်ပေ။ အစိုးရ၏ လုပ်ထုံးလုပ်နည်း၊ ဥပဒေနှင့်အညီ မဆောင်ရွက်တတ်ခြင်းသာဖြစ်၍ ပါတီမှ ပါဝင်ပတ်သက်ရန် အကြောင်းမမြင်ပေ။ အစိုးရအဖွဲ့ ခေါင်းဆောင် သမ္မတ သို့မဟုတ် သမ္မတက တာဝန်ပေးအပ်ထားသော ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် (ဥပမာ- ဒေါ်အောင်ဆန်းစုကြည်) ကသာ ခေါ်ယူဆွေးနွေးပြီး မည်သို့မည်ပုံ မှားယွင်းကြောင်း ထောက်ပြရမည် ဖြစ်ပေသည်။ အမှားကိုမြင်၍ လက်ခံလျှင် နောင်မမှားစေရန် မြင်ခွင့် ပြင်ခွင့်ပေးရမည် ဖြစ်သည်။ လူတော် လူကောင်းတယောက်ကို အလွယ်တကူ မစွန့်ပစ်သင့်ချေ။ ထိုနည်းတူစွာပင် ပြည်သူ့လွှတ်တော်၏ ရေးရာကော်မတီဥက္ကဋ္ဌတယောက်ဖြစ်သော မအူပင် ဦးစိန်ဝင်းက ၎င်း၏ မဲဆန္ဒနယ်မြေမှ အန်အယ်လ်ဒီပါတီဝင်များ ဖြစ်ကြသော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနှင့် လုပ်ငန်းရှင်ကြီးတယောက်တို့ကို စာရွက်စာတမ်း အတုပြုလုပ်ကာ ၎င်း၏ဂုဏ်သိက္ခာ ထိပါးစေရန် ဖြန့်ခြင်းနှင့်ပတ်သက်ပြီး တရားစွဲ တိုင်တန်းထားလေရာ ဤကိစ္စတွင်လည်း ပါတီဝင်အချင်းချင်း တရားစွဲသည့်အတွက်ဆိုကာ ဦးစိန်ဝင်းကို လွှတ်တော်တာဝန်များမှ ဖြုတ်ပစ်ခြင်းမှာ လွန်စွာ အရုပ်ဆိုးလှသည်။ အကယ်၍ တရားရုံးဆုံးဖြတ်ချက်က ဦးစိန်ဝင်း၏ တိုင်တန်းချက် မှန်ကန်နေသည်ဆိုလျှင် ပါတီက ဥပဒေချိုးဖောက်သူကို အားပေးအားမြှောက်ပြုရာ၊ အကာအကွယ်ပေးရာရောက်မည် နေပေလိမ့်မည်။ အဆိုးဆုံးမှာကား ရှမ်းပြည်နယ်ရှိ ပြည်နယ်နှင့် ခရိုင်အဆင့် အန်အယ်လ်ဒီပါတီ ကော်မတီဝင်များကို တဦးတယောက်တည်း၏ သဘောထားဆန္ဒဖြင့် အရေးယူခဲ့သည့်ကိစ္စ ဖြစ်သည်။ နောက်ပိုင်းတွင် အရေးယူခံရသူများက အယူခံဝင်သည့်အခါမှသာ စီအီးစီက ဖွဲ့စည်းပေးသောအဖွဲ့ဖြင့် ဒီမိုကရေစီနည်းကျ ဆုံးဖြတ်ပေးရခြင်း ဖြစ်လေရာ ထွက်လာသောရလဒ်မှာ တဦးတယောက်တည်း ဆုံးဖြတ်လုပ်ကိုင်ခဲ့သည့် အမှားကို မှန်ကန်ကြောင်း ပြန်လည်အတည်ပြုသည့် သဘောသာ ဖြစ်သည်။ အမှန်တကယ် ဖြစ်သင့်သည်မှာ ဒီမိုကရေစီလုပ်ဟန်ကို ဖောက်ဖျက်၍ တဦးတည်း ဆုံးဖြတ်ဆောင်ရွက်ခဲ့သူကို အနည်းဆုံးအားဖြင့် သတိပေးချက် ထုတ်သင့်ပေသည်။ နိုင်ငံရေးပါတီများတွင် ဒီမိုကရေစီနည်းကျ စုပေါင်းခေါင်းဆောင်မှုမှာ အသက်တမျှ အရေးကြီးပြီး စည်းလုံးညီညွတ်ရေးအတွက် အဓိကလိုအပ်ချက် ဖြစ်သည်။ ဒီမိုကရေစီနည်းကျ စုပေါင်းခေါင်းဆောင်မှုမရှိဘဲ တဦးတယောက်တည်း၏ ဆန္ဒအတိုင်းသာ လိုက်လျော ဆောင်ရွက်သွားကြမည်ဆိုလျှင် ထိုပါတီသည် အာဏာရှင် ခေါင်းဆောင်မှုအောက်တွင် တည်ရှိနေသည်နှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။ သို့ဖြစ်၍ အချုပ်အားဖြင့် ပြောလိုသည်မှာ အုပ်ချုပ်ရေးကဏ္ဍနှင့် ဥပဒေပြုရေးကဏ္ဍတို့တွင် ရှိနေပြီးဖြစ်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စစ်ဆေးခြင်း၊ အပြစ်ပေး အရေးယူခြင်းကို လုပ်ဆောင်သွားသင့်သလို ပါတီ၏ ဦးဆောင်မှု ကဏ္ဍတွင်လည်း ပါတီတွင်း ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း ဒီမိုကရေစီနည်းကျ စုပေါင်းခေါင်းဆောင်သည့် စနစ်ကို ကျင့်သုံးခြင်းဖြင့် အာဏာရှင်လုပ်ဟန်ကို ငြင်းပယ်ကာ လေနှင့် ဝမ်း ကွဲအောင် ကြိုးစားကြပါ၊  နောင်လာနောက်သားများတွက် စံနမူနာကောင်းများ ထားခဲ့ကြပါဟု တိုက်တွန်းလိုက်ရပေသည်။ ရဲထွန်း (သီပေါ) စာကိုး - HISTORY : Biographies ; Rasputin            - Wikipedia အွန်လိုင်းစွယ်စုံကျမ်း
5 years Ago
Up