ဂရိ ကျွန်း

September 8, 2020

ဂရိ ကျွန်း ၇ ကျွန်းကို အင်္ဂလန်၏ ရောဂါခြေချုပ်စာရင်းတွင် ထည့်သွင်း 

ဂရိနိုင်ငံပိုင်ကျွန်း ၇ ကျွန်းကို အင်္ဂလန်ရဲ့ ရောဂါခြေချုပ်စာရင်းထဲ ထည့်လိုက်ပြီလို့ ဗြိတိန် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဂရန့်ရှပ်ပ်စ်က စက်တင်ဘာ ၇ ရက်မှာ ပြောလိုက်ပါတယ်။ ကိုဗစ်-၁၉ ကူးစက်နှုန်းအပေါ် မူတည်ပြီး တကျွန်းချင်းရဲ့ အချက်အလက်အပေါ် အခြေခံပြီး စည်းမျဉ်းတွေကို ချမှတ်နိုင်မယ့် သတင်းအချက်အလက်တွေကိုရဖို့ ခုလိုလုပ်တာလို့ သူက ကြေညာပါတယ်။ ဂရိနိုင်ငံထဲက လယ်စ်ဗို့စ်၊ တီနို့စ်၊ ဆရေီဖို့စ်၊ ခရေတေ၊ စန်တိုရီနီနဲ့ ဇာကင်သို့စ် ကျွန်းတွေကနေ အင်္ဂလန်ကို ရောက်လာတဲ့ ခရီးသည်တွေဟာ ရောက်ရောက်ချင်း ရောဂါ ခြေချုပ် ၁၄ ရက် နေရမှာပါ။ ဒီစည်းမျဉ်းဟာ စက်တင်ဘာ ၉ ရက်မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။ နိုင်ငံတွေကြား မတူခြားနားတဲ့ ကျွန်းတွေကြားမှာ မတူတဲ့ စည်းမျဉ်းတွေ ချမှတ်ခွင့်ပြုမယ့် ပိုအသေးစိတ်တဲ့ ရောဂါခြေချုပ် မူဝါဒသစ်အစိတ်အပိုင်းအနေနဲ့ ဝန်ကြီးက လွှတ်တော်မှာ ကြေညာခဲ့တာပါ။ အရင်သီတင်းပတ်ကတော့ ဗြိတိန်နိုင်ငံ ဝေလနယ်ဟာ သူ့ရောဂါခြေချုပ်စာရင်းထဲမှာ ဂရိကျွန်း ၆ ကျွန်း ထပ်ဖြည့်ခဲ့ပါတယ်။ စကော့တလန်ကတော့ ဂရိတနိုင်ငံလုံး နေရာအသီးသီးက ရောက်လာသူ အားလုံးကို ကန့်သတ်ချက်အောက်မှာ ထားခဲ့ပါတယ်။ စပိန်၊ ပြင်သစ်နဲ့ ပေါ်တူဂီနိုင်ငံတွေ အပါအဝင် ဗြိတိန်ရဲ့ လူကြိုက်အများဆုံး အပန်းဖြေနေရာတွေကနေ ပြန်လာသူတွေ လိုက်နာရမယ့် စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး အပြောင်းအလဲ လုပ်ပေးဖို့ လေကြောင်းလိုင်းတွေနဲ့ ခရီးသွားလုပ်ငန်းရှင်တွေက တောင်းဆိုကြပါတယ်။ စပိန်ကတော့ သူ့နိုင်ငံ ကုန်းမကြီးထက်စာရင် ကျွန်းတွေဘက်မှာ ကူးစက်မှု ပိုနည်းလို့ သူတို့ အဲဒီကျွန်းတွေကနေ အိမ်ပြန်ရောက်ချိန် ရောဂါခြေချုပ်နဲ့ မထားဖို့နဲ့ ပိုသက်ညှာတဲ့ စည်းမျဉ်းတွေကို ကျင့်သုံးဖို့ ဗြိတိန်အစိုးရကို တိုက်တွန်းပါတယ်။
1 year Ago
Up