ဂရိနိုင်ငံနယ်စပ်

March 2, 2020

ရွှေ့ပြောင်းသွားလာသူများ တူရကီနယ်စပ်မှတဆင့် ဂရိကိုဝင်ရန် ကြိုးစား

တူရကီက ရွှေ့ပြောင်းသွားလာသူတွေအပေါ် ထိန်းချုပ်ထားမှုတွေကို ဖြေလျော့ပေးလိုက်ပြီး နောက်မှာတော့ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းသွားလာသူတွေဟာ တူရကီနိုင်ငံကနေ နယ်စပ်ကို ဖြတ်ကျော်လာကြပြီး မတ် ၁ ရက် တနင်္ဂနွေနေ့မှာတော့ ဂရိနိုင်ငံနယ်စပ်တွေကို ဖြတ်ကျော် ဝင်ရောက်ဖို့ ကြိုးစားနေကြပါတယ်။   တူရကီအစိုးရက ဥရောပကို မရောက်ရှိအောင် သူ့နိုင်ငံပိုင်နက်တွေပေါ်က  သိန်းနဲ့ချီတဲ့ ရွှေ့ပြောင်းသွားလာသူတွေကို ကြာရှည် ဆက်တားဆီးထားတော့မှာ မဟုတ်ဘူးလို့ ပြောလိုက်ပြီးနောက်  တူရကီရဲ့နယ်စပ် ဂရိနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်တွေဆီ ရွှေ့ပြောင်း သွားလာသူတွေ တဟုန်ထိုး ရောက်ရှိလာကြပါတယ်။  အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများအဖွဲ့ကြီး အိုင်အိုအမ်က ဂရိ-တူရကီ နယ်စပ်တလျှောက် လူဦးရေ ၁၃၀၀၀ ရှိတယ်လို့ သတ်မှတ်ထားပါတယ်။  မတ် ၁ ရက်နေ့ နှောင်းပိုင်းမှာတော့ တူရကီမြို့ကြီးတွေက ဘတ်စ်ကားတွေဟာ လူတွေကို အပြည့်အလျှံ တင်ဆောင်ပြီး နယ်စပ်ကို သွားနေကြတယ်လို့ အိုင်အိုအမ်အဖွဲ့က ပြောပါတယ်။ တူရကီနိုင်ငံရဲ့အိမ်နီးချင်း  ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဂရိကတော့  ရွှေ့ပြောင်းသွားလာသူ တွေကို ဝင်ခွင့်မပြုဖို့ ကတိပြုထားပါတယ်။   မတ် ၁ ရက်နေ့ကတော့ ဂရိရဲတွေဟာ တူရကီနယ်စပ်ဆီ စုရုံးရောက်ရှိလာတဲ့ ရွှေ့ပြောင်းသွားလာသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီးတော့ ဝင်ခွင့်တောင်းသူတွေကို တားမြစ်ခဲ့ပါတယ်။  တူရကီနိုင်ငံမှာ အာဖဂန်၊ အီရန်နဲ့ မော်ရိုကန်တွေအပါအဝင် ဆီးရီးယားဒုက္ခသည်  သုံးသန်း ခုနစ်သိန်းကျော်ကို လက်ခံထားပါတယ်။  အိဒလစ်ကနေ နောက်ထပ် ရောက်လာနိုင်တဲ့ ဒုက္ခသည်တွေကိုတော့ ထပ်ပြီး လက်မခံနိုင် တော့ဘူးလို့ တူရကီက သတိပေးပြောဆိုထားပါတယ်။ 
1 year Ago
Up