ဂရိနိုင်ငံ

August 8, 2021

ဂရိနိုင်ငံတွင် တောမီးကြောင့် အေသင်မြို့အနီးက ဒေသခံ ထောင်ချီ ဘေးလွတ်ရာ ရွှေ့ပြောင်း

ဂရိနိုင်ငံမှာ ၅ ရက်မြောက် ဆက်လောင်နေတဲ့ တောမီးက မြို့တော်အေသင်ရဲ့ အပြင်ဘက်က လူနေမြို့တစ်မြို့ကို ညတွင်းချင်း လောင်ကျွမ်းခဲ့လို့ မီးကို ငြှိမ်းသတ်နိုင်ရေး ဒေသခံတွေက မီးသတ်သမားတွေကို သြဂုတ် ၇ ရက်မှာ ကူညီနေကြတာပါ။

အေသင်မြို့ပြင်က ပါနီသာတောင်ပေါ်မှာ တောမီးလောင်နေလို့ သြဂုတ် ၅ ရက်တည်းက ဒေသခံတွေ ထောင်ချီပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။

အရေးပေါ်အဖွဲ့တွေက မီးမပြန့်အောင် ထိန်းဖို့ ကြိုးစားနေပေမယ့် လေပြင်းနဲ့ ပူပြင်းတဲ့ ရာသီဥတုကို ရင်ဆိုင်ခဲ့ရ ပါတယ်။

စနေညမှာ လေပြင်းတွေကြောင့် တောမီးဟာ သရာကိုမာကေဒိုနက်စ် ရပ်ကွက်ထဲကို ဝင်ရောက် လောင်ကျွမ်းခဲ့ပါတယ်။

 ဆိုက်ပရပ်စ်၊ ပြင်သစ်နဲ့ အစ္စရေးနိုင်ငံတို့က တပ်ကူတွေ အပါအဝင် မီးသတ်သမား အင်အား ခုနှစ်ရာကျော်ဟာ စစ်တပ်နဲ့ ရေသယ် လေယာဉ်တွေရဲ့ အကူအညီနဲ့ မီးကို ကြိုးစား ငြှိမ်းသတ် နေရပြီး မီးငြှိမ်းသတ်ရေးက ပထမဆုံး ဦးစားပေးပဲလို့လည်း ဂရိ ဝန်ကြီးချုပ်က ပြောပါတယ်။

ဂရိမှာ နှစ် ၃၀ ကျော်အတွင်း အဆိုးဆုံး အပူလှိုင်းဖြတ်သန်းနေလို့ နိုင်ငံအစိတ်အပိုင်း အများအပြားမှာ တောမီးလောင်နေပြီး ဧက ထောင်သောင်းချီတဲ့ သစ်တောတွေ အိမ်တွေ စီးပွားရေး လုပ်ငန်းတွေနဲ့ တောတွင်း တိရစ္ဆာန်တွေ ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။   

6 months Ago

August 3, 2021

ဂရိနိုင်ငံတွင် ဆယ်စုနှစ်အတွင်း အဆိုးဆုံး အပူလှိုင်း ကြုံတွေ့နေရ

၁၉၈၇ နောက်ပိုင်းမှာ အဆိုးဆုံးအပူလှိုင်းကို ဖြေရှင်းနေရတယ်လို့ ဝန်ကြီးချုပ်က စွမ်းအင် စီမံရေး အစည်းအဝေးအပြီးမှာ ပြောပါတယ်။

ဂရိနိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး အပူလှိုင်းကြောင့် သြဂုတ် ၂ ရက်က နိုင်ငံတလွှား အပူချိန်ထိုးတက်နေလို့ လျှပ်စစ်ဓာတ်အားပေးစနစ်တွေလည်း အစွမ်းကုန် အလုပ်လုပ်နေရသလို ကမ္ဘာလှည့်ခရီးသည်တွေလည်း အပူသက်သာဖို့ ရေပန်းတွေ၊ ကမ်းခြေတွေဆီ ဦးတည် သွားလာနေကြပါတယ်။

အမျိုးသားတယောက်ကတော့ စွမ်းအင်ရင်းမြစ်ကိုမသုံးဘဲ မြေကြီးပေါ်က အပူချိန်နဲ့ ကြက်ဥ ၂ လုံးကို ကြော်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဂရိနိုင်ငံအလယ်ပိုင်းက လာရစ်ဆာမြို့မှာ နေ့ခင်းပိုင်း အပူချိန်က ၄၆ ဒီဂရီ စဲလ်စီးယပ်စ်အထိ ရှိတယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။

ဒီသီတင်းပတ်ထဲမှာ စပိန်နိုင်ငံရဲ့ မြို့တော်မှာ အပူချိန် ၄၄ ဒီဂရီ စဲလ်စီးယပ်စ်အထိ ရှိနေမယ်လို့ မိုးလေဝသဌာနက ဟောကိန်းထုတ်ထားပါတယ်။

နွေဥတု ခရီးသွားရာသီအတွင်း အပန်းဖြေသူ ၃ သန်းကျော်ကြောင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုကလည်း ဝန်ပိနေပြီလို့ စွမ်းအင်ဆိုင်ရာ အာဏာပိုင်တွေက သတိပေးထားပါတယ်။

မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ လျှပ်စစ်ဓာတ်အား အသုံးဆုံးဖြစ်လို့ လျှပ်စစ်ဓာတ်အားပေးစနစ် ပျက်စီးတာ ကာကွယ်ဖို့ စွမ်းအင်ကို အကန့်အသတ်နဲ့သုံးဖို့ အာဏာပိုင်တွေက ပြည်သူကို အကြံပြုထားပါတယ်။

ကျောက်လှေကားတွေပေါ် အဆင်းအတက်လုပ်ရတာမို့ ခရီးသည်တွေကို အပူဒဏ်ကနေ ကာကွယ်ပေးဖို့ ဂရိမှာ လာရောက်လည်ပတ်သူ အများဆုံး ဗိသုကာနယ်မြေဖြစ်တဲ့ အက်ခရိုပိုလစ်ကို တနင်္လာနေ့က ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ ပိတ်ထားပါတယ်။

6 months Ago
More News
Up