ဂရိတွင် ဒုတိယကမ္ဘာစစ်လက်ကျန် ၂၅၀ ကီလိုဗုံးကြီး ဖယ်ရှားရန် မြို့ခံ ၇ သောင်းခန့် အရေးပေါ် ပြောင်းရွှေ့

February 13, 2017

ဂရိတွင် ဒုတိယကမ္ဘာစစ်လက်ကျန် ၂၅၀ ကီလိုဗုံးကြီး ဖယ်ရှားရန် မြို့ခံ ၇ သောင်းခန့် အရေးပေါ် ပြောင်းရွှေ့

ဂရိနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့မှာ ဒုတိယကမ္ဘာစစ်လက်ကျန် ၂၅၀ ကီလို ဗုံးကြီးတလုံးကို ဖယ်ရှားဖို့ မြို့နေလူဦးရေ ၇ သောင်းလောက် အရေးပေါ် နေရာပြောင်းရွှေ့ခဲ့ကြရပါတယ်။ ဒီစစ်ကျန်ဗုံးဟာ လူနေထူထပ်တဲ့နေရာမှာ တွေ့ရှိခဲ့တဲ့ အကြီးဆုံးဗုံးတလုံးဖြစ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းကာလမှာ လူဦးရေအများဆုံး အရေးပေါ် နေရာပြောင်းရွှေ့မှုတခု ဖြစ်ပါတယ်။ မြို့လယ်က ဓာတ်ဆီဆိုင်တဆိုင်မှာ လောင်စာဆီကန် တိုးချဲု့ဖို့လုပ်ရင်း အဲဒီဗုံးကို တွေ့ရှိခဲ့ကာ စစ်တပ်ပိုင် စက်ပစ်ကွင်းတခုကို သယ်ဆောင်သွားပြီး အဲ့ဒီမှာ ဖောက်ခွဲဖျက်ဆီးမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီဗုံးကို အန္တရာယ်ကင်းကင်းနဲ့ မဖယ်ရှားပြီးမချင်း အများပြည်သူအနေနဲ့ ဘေးကင်းရာနေရာတွေမှာပဲ နေထိုင်နေကြဖို့ ဒေသခံ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အာဏာပိုင်တွေကတော့ နာဇီဂျာမနီရဲ့ဗုံးလား၊ မဟာမိတ်တပ်ဖွဲ့တွေရဲ့ စစ်ကျန်ဗုံးလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိသေးပါဘူး။ မြို့ခံတဦးကတော့ ၁၉၄၄ ခုနှစ်မှာ နာဇီဂျာမနီတွေရဲ့ ရထားလမ်းစီမံကိန်းကို တိုက်ခိုက်ဖျက်ဆီးဖို့ အမေရိကန်နဲ့ ဗြိတိန်စစ်လေယာဉ်တွေက အဲ့ဒီမြို့မှာ အပြင်းအထန် ဗုံးကြဲခဲ့ဖူးတယ်လို့ အေပီသတင်းဌာနကို ပြောပါတယ်။ ဂရိနိုင်ငံဟာ ၁၉၄၁ ခုနှစ်ကနေ ၁၉၄၄ အောက်တိုဘာလအထိ နာဇီဂျာမနီရဲ့ သိမ်းပိုက်ခံခဲ့ရပါတယ်။
4 years Ago
Up