ဂရိတွင် ဒုက္ခသည်များ လိုက်ပါလာသည့် လှေတစီးတိမ်းမှောက်၊ အနည်းဆုံး ၁၆ ဦး သေဆုံး

April 25, 2017

ဂရိတွင် ဒုက္ခသည်များ လိုက်ပါလာသည့် လှေတစီးတိမ်းမှောက်၊ အနည်းဆုံး ၁၆ ဦး သေဆုံး

ဂရိနိုင်ငံ လက်စ်ဘော့စ်ကျွန်းအနီးမှာ ဧပြီ ၂၄ ရက်နေ့က ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ လိုက်ပါလာတဲ့ လှေတစီး တိမ်းမှောက်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူ ၁၆ ဦးထဲမှာ ကလေးငယ်တွေလည်း ပါဝင်ပြီး ဒါဟာ အခုနှစ်အတွင်း ဂရိရေပိုင်နက်ထဲမှာ ပထမဦးဆုံး သေဆုံးတဲ့ လှေစီးဒုက္ခသည်တွေ ဖြစ်ပါတယ်။ လူတွေ အပြွတ်အသိပ်လိုက်ပါလာတဲ့ အဲဒီလှေဟာ တူရကီနိုင်ငံကနေ ထွက်ခွာလာပြီး ဂရိကမ်းရိုးတန်းကို ချဉ်းကပ်ဖို့ ကြိုးစားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသူတွေထဲက ရုပ်အလောင်း ၉ ခုကို ဂရိရေပိုင်နက်ထဲမှာ ရှာတွေ့ခဲ့ပြီး ကျန် ၇ ခုကိုတော့ တူရကီရေပိုင်နက်ထဲမှာ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ အသက်မသေဘဲ လွတ်မြောက်လာတဲ့ အမျိုးသမီး ၂ ဦးကတော့ အဲဒီလှေပေါ်မှာ စုစုပေါင်း လူနှစ်ဆယ် အစိတ်လောက် လိုက်ပါလာတယ်လို့ ပြောပါတယ်။ အဲဒီအမျိုးသမီး ၂ ဦးဟာ အာဖရိကတိုက် ကင်မရွန်းနဲ့ ကွန်ဂိုနိုင်ငံက ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ အာဖရိကတိုက်နိုင်ငံတွေနဲ့ ဆီးရီးယားက လှေစီးဒုက္ခသည်တွေဟာ တူရကီနိုင်ငံကတဆင့် ဥရောပတိုက်ကို ခိုးဝင်ဖို့ ကြိုးစားလေ့ရှိပြီး မကြာခဏ လှေမှောက်တာကြောင့် ၂၀၁၅ ခုနှစ်ကနေ အခုချိန်ထိ လူရာနဲ့ချီပြီး သေဆုံးခဲ့ပါတယ်။
4 years Ago
Up