ဂရိတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

A d v e r t i s e m e n t With Us

February 5, 2016

ဂရိတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ် (ရုပ်သံ)

ဂရိနိုင်ငံမြို့တော် အေသင်မှာ အစိုးရရဲ့ အငြိမ်းစားအစီအစဉ် ပြုပြင်ပြောင်းလဲရေးကို အကြီးအကျယ် ဆန့်ကျင် ဆန္ဒပြနေချိန် ဖေဖော်ဝါရီ ၄ ရက်နေ့က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့လို့ ရဲတွေက မျက်ရည်ယို ဓာတ်ငွေ့တွေ သုံးခဲ့ပါတယ်။ ဂရိငွေကြေးအကျပ်အတည်းအတွက် နိုင်ငံတကာ ငွေကြေးအကူအညီ ရရှိရေး ဂရိအစိုးရက ခြိုးခြံချွေတာရေး မူဝါဒကို ကျင့်သုံးဖို့ ကြွေးရှင်တွေက တောင်းဆိုခဲ့တာပါ။ ဒါပေမယ့် ပြည်သူတွေကတော့ ခြိုးခြံချွေတာရေး မူဝါဒ အဆုံးသတ်ဖို့ တောင်းဆိုရင်း အေသင်မြို့လယ်က လွှတ်တော်ဆီကို ဂရိပြည်သူ ၅ သောင်းလောက် ချီတက်ခဲ့ကြပါတယ်။ ဆန္ဒပြလူအုပ်ကြီးကနေ ခွဲထွက်လာတဲ့ အဝတ်နက်စည်း လူငယ်တွေက ရဲတွေကို ခဲနဲ့ပစ်ပေါက်တာ ဓာတ်ဆီပုလင်းဗုံးနဲ့ ပစ်ပေါက်တာတွေ လုပ်ခဲ့ကြပါတယ်။ ဒါကြောင့် ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေ အလင်းနဲ့ အသံပဲထွက်တဲ့ ဗုံးသီးတွေကို သုံးခဲ့ကြပါတယ်။ ဝန်ကြီးချုပ် အလက်ဇီ စီပရက်စ်ကတော့ နိုင်ငံတကာ ကြွေးရှင်တွေနဲ့ ပြည်သူကြား ညပ်ရင်း အကျပ်ရိုက်နေတာပါ။ တချိန်တည်းမှာပဲ ဒါဇင်နဲ့ချီတဲ့ ပြည်တွင်းလေကြောင်း ခရီးစဉ်တွေလည်း ရပ်နားထားရပြီး ရေကြောင်း ကုတို့ယာဉ်တွေလည်း ဆိပ်ကမ်းတွေမှာ ကျောက်ချ ရပ်နားထားရပါတယ်။ ဆန္ဒပြပွဲတွေကို ဂရိရဲ့ အဓိက အလုပ်သမား သမဂ္ဂတွေ၊ ပုဂ္ဂလိကကဏ္ဍ သမဂ္ဂတွေနဲ့ ပြည်သူပိုင်ကဏ္ဍ သမဂ္ဂတွေက စီစဉ်တာဖြစ်လို့ နိုင်ငံတွင်း အများသုံး သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ရပ်တန့်နေပါတယ်။ ဒါဟာ ဝန်ကြီးချုပ် အာဏာရအပြီး ဒုတိယအကြိမ်မြောက် ပြည်လုံးကျွတ် အလုပ်နား ဆန္ဒပြမှုလည်း ဖြစ်ပါတယ်။
5 years Ago
Up