ဂရိတွင် ကျင်းပသည့် သွေးစုပ်ဖုတ်ကောင် ပွဲတော်

February 27, 2017

ဂရိတွင် ကျင်းပသည့် သွေးစုပ်ဖုတ်ကောင် ပွဲတော် (ရုပ်သံ)

ဂရိနိုင်ငံ မြို့တော် အေသင်မှာ နှစ်စဉ်ကျင်းပလာခဲ့တဲ့ ကာနေဗယ်လ် ဇွန်ဘီ (Carnival Zombie) လမ်းလျှောက်ပွဲတော်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကျင်းပခဲ့ရာ အေသင်မြို့ခံတွေက ဇွန်ဘီတွေ၊ သွေးစုတ်ဖုတ်ကောင်တွေလို ဝတ်ဆင်ခြယ်သပြီး ပျော်ပျော်ရွှင်ရွှင် ပါဝင်ခဲ့ကြပါတယ်။ ဒီနှစ် ဇွန်ဘီလမ်းလျှောက်ပွဲတော်ကို ၁၉၈၀ နှစ်တွေက ကျော်ကြားခဲ့တဲ့ Stranger Things ဇာတ်လမ်းတွဲ ဇာတ်ကောင်ပုံစံတွေနဲ့ ဝတ်ဆင်ချီတက်ခဲ့ကြပြီး လူကြီးလူငယ် စုံစုံလင်လင် ပါဝင်ခဲ့ကြတာ တွေ့ရပါတယ်။ ချီတက်လမ်းလျှောက်ပွဲမှာ ပါဝင်သူတွေအားလုံး ဂရိပါလီမန်အဆောက်အဦရှေ့မှာ စုဝေးခဲ့ကြပြီး အဲဒီကနေ အေသင်မြို့တွင်း လမ်းမတွေမှာ လမ်းလျှောက်ပြီး လမ်းမှာတွေ့တဲ့လူတွေကို စနောက် ခြောက်လှန့် ချီတက်ခဲ့ကြတာပါ။ ပါဝင်ချီတက်သူ အသက် ၃၀ အရွယ် အေသင်မြို့ခံတဦးကတော့ သူ အိမ်ကထွက်လာကတည်းက ဇွန်ဘီလို ဝတ်ဆင်ထွက်ခဲ့ပြီး လမ်းမှာ သူ့ကိုတွေ့တဲ့လူတွေ ဘယ်လိုတုံ့ပြန်လဲဆိုတာ စိတ်ဝင်တစား သိချင်လို့ ပါဝင်ခဲ့တာပါလို့ ပြောပါတယ်။ အခုလို ကာနေဗယ်လ်ပွဲတော်ကာလ ဇွန်ဘီလမ်းလျှောက်ပွဲကို အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး စတင်ခဲ့ကြတာပါ။ အဲဒီနောက် ခေတ်စား လူသိများလာပြီး တခြားကမ္ဘာ့မြို့ကြီးတွေဖြစ်တဲ့ လန်ဒန်၊ တိုရွန်တို၊ ဗျူနိုးအေရီ၊ မက္ကဆီကိုမြို့တော်တွေမှာပါ ဒီ ဇွန်ဘီလမ်းလျှောက်ပွဲတွေကို ပျော်ပျော်ရွှင်ရွှင် ကျင်းပလာကြပါတယ်။
4 years Ago
Up