ဂရိတရားရုံး ပယ်ချ

January 28, 2017

တိမ်းရှောင် တူရကီစစ်သား ၈ ဦး ပြန်လွှဲပေးရေး တောင်းဆိုမှု ဂရိတရားရုံး ပယ်ချ

ဂရိတရားရုံးချုပ်က ဂရိနိုင်ငံကို ထွက်ပြေး တိမ်းရှောင်လာတဲ့ တူရကီ စစ်သား ၈ ဦးကို တူရကီကို ပြန်လွှဲပြောင်း ပေးရေး တူရကီအစိုးရရဲ့ တောင်းဆိုချက်ကို ဇန်န၀ါရီ ၂၆ ရက်နေ့က ပယ်ချလိုက်ပါတယ်။ သူတို့ဟာ တူရကီမှာ အာဏာသိမ်းမှု မအောင်မမြင် ဖြစ်အပြီးမှာ ဂရိကို ထွက်ပြေးခဲ့ကြတာပါ။ တူရကီ အစိုးရက သူတို့ကို သစ္စာဖောက်တွေလို့ တံဆိပ်တပ်ခဲ့ပါတယ်။ သူတို့ကို အပြစ်ပေးနိုင်ရေး တူရကီကို ပြန်လွှဲပေးဖို့ တောင်းဆိုခဲ့ပါတယ်။ တရားရုံး ဆုံးဖြတ်အချက်ချအပြီးမှာပဲ တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာနက “ဂရိဟာ အာဏာ သိမ်းဖို့ ကြံစည်သူတွေကို ကာကွယ်ပေးနေတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးကို လုပ်ဆောင်ဖို့ ပျက်ကွက်တယ်” လို့ စွပ်စွဲ ပြောဆိုပါတယ်။ ဗိုလ်မှူး ၃ ဦး၊ ဗိုလ်ကြီး ၃ ဦးနဲ့ တပ်ကြပ်ကြီး ၂ ဦးပါတဲ့ တူရကီ နိုင်ငံသား ၈ ဦးဟာ ဂရိမြောက်ပိုင်းကို ရဟတ်ယာဉ်နဲ့ ထွက်ပြေးခဲ့တာပါ။ ဇူလိုင် ၁၅ ရက်အာဏာသိမ်းမှု မအောင်မြင်လို့ ထွက်ပြေးပြီး ဂရိမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခဲ့ပါတယ်။ တူရကီမှာ ဆက်နေရင် အသက်ဘေး စိုးရိမ်ရတယ် လို့လည်း ပြောပါတယ်။ တူရကီ သမ္မတ တေယစ် အာဒိုဂံ ကို ရာထူးချရေး ပါဝင်ကြိုးစားခဲ့တယ်ဆိုတဲ့ အချက်ကိုလည်း ငြင်းပါတယ်။ တရားရုံးကတော့ သူတို့စွပ်စွဲခံရတဲ့ ရာဇဝတ်မှု အလေးအပေါ့ ဒီဂရီနဲ့ မဆိုင်ဘဲ သူတို့အခွင့် အရေးတွေ ချိုးဖောက် လျှော့ပေါ့ ခံရနိုင်ချေ ရှိတယ်လို့ဆုံးဖြတ်ပြီး ရာဇဝတ်သား လွှဲပြောင်းတဲ့ မူဝါဒကို အကောင်အထည်ဖော်ဖို့ ခွင့်မပြုခဲ့ပါဘူး။ တူရကီ စစ်သည်တွေရဲ့ ရှေ့နေကတော့ ဒီစီရင်ချက်ဟာ ဥရောပ တန်ဖိုးအတွက် ကြီးမားတဲ့ အောင်ပွဲပဲလို့ ပြောပါတယ်။ ဒီအမှုကြောင့် ဂရိနဲ့ တူရကီ အိမ်နီးချင်း ၂ နိုင်ငံကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ ဒီ ၂ နိုင်ငံလုံးဟာ ဥရောပရဲ့ အဆိုးဆုံး ရွှေ့ပြောင်းနေထိုင်မှု အကြပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ဥရောပဟာ သူ့ဆီကို လူအုပ်လိုက် အကြီးအကျယ် ရွှေ့ပြောင်းမှုကို ဟန့်တားဖို့ တူရကီ အစိုးရကို အားကိုးနေရပါ တယ်။
5 years Ago
Up