ဂရမ်မီဆု

January 29, 2018

ဂရမ်မီဆုပေးပွဲတွင် ဆုပေါင်း ၆ ဆု သိမ်းပိုက်ပြီး အောင်ပွဲခံလိုက်သည့် ဘရူနိုမားစ်

နာမည်ကျော် R&B အဆိုတော် ဘရူနိုမားစ်ဟာ ဇန်နဝါရီ ၂၈ ရက်နေ့က ကျင်းပခဲ့တဲ့ ဂရမ်မီ ဂီတဆုချီးမြှင့်ပွဲ အခမ်းအနားမှာ တနှစ်တာ အကောင်းဆုံးသီချင်းအယ်လ်ဘမ်ဆု အပါအဝင် ဆုပေါင်း ၆ ဆု သိမ်းပိုက်ပြီး အောင်ပွဲခံခဲ့ပါတယ်။ သူ့ရဲ့ နာမည်ကြီး 24K Magic သီချင်းအယ်လ်ဘမ်ဟာ တနှစ်တာ အကောင်းဆုံး သီချင်းအယ်လ်ဘမ်ဆု အပါအဝင် အကောင်းဆုံး R&B သီချင်းအယ်လ်ဘမ်ဆု၊ အကောင်းဆုံး အသံဖမ်းဆုတွေကိုပါ သိမ်းကျုံးရယူနိုင်ခဲ့တာဖြစ်ပြီး သူကိုယ်တိုင် ရေးစပ်ခဲ့ကာ အဆိုတော် အများအပြား ပါဝင်သီဆိုခဲ့တဲ့ That’s What I Like သီချင်းကတော့ တနှစ်တာ အကောင်းဆုံးသီချင်းဆုအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။ အကောင်းဆုံး ကျေးလက်တေးဂီတ အယ်လ်ဘမ်ဆုကိုတော့ From a Room: Volume 1 အယ်လ်ဘမ်နဲ့ ခရစ္စတေပဲလ်တန်က ရရှိသွားခဲ့ကာ တနှစ်တာ အထူးချွန်ဆုံး လူသစ်တန်း အနုပညာရှင်ဆုကိုတော့ အဲလက်စ်ဆီရာ ကာရာက ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ နာမည်ကြီး ရက်ပ်အဆိုတော်တဦးဖြစ်တဲ့ ကန်းဒရစ်ခ်လာမားကတော့ Damn အမည်ရ အယ်လ်ဘမ်နဲ့ တနှစ်တာ အကောင်းဆုံး ရက်ပ်ဂီတအယ်လ်ဘမ်ဆု၊ Humble သီချင်းနဲ့ တနှစ်တာအကောင်းဆုံး ရက်ပ်ဂီတသီချင်းဆု၊ ရက်ပ်ဂီတဖျော်ဖြေမှုဆုတွေ ရရှိသွားပါတယ်။ တနှစ်တာအကောင်းဆုံး ရော့ခ်သီချင်းဆုကိုတော့ Foo Fighters ရဲ့ Run သီချင်းက ရရှိခဲ့ကာ အကောင်းဆုံး ကျေးလက်သီချင်းဆုကိုတော့ ခရစ္စတေပဲလ်တန်ရဲ့ Broken Halos သီချင်းက ရရှိခဲ့တာပါ။ နာမည်ကြီးအဆိုတော် အက်ဒ်ရှီယန်ကတော့ Shape of You သီချင်းနဲ့ တနှစ်တာ အကောင်းဆုံး ပေါ့ပ်သီချင်းဆုနဲ့ ÷ (Divide) အယ်လ်ဘမ်နဲ့ အကောင်းဆုံး ပေါ့ပ်သီချင်း အယ်လ်ဘမ်ဆုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
3 years Ago
Up