ဂရစ်ဇ်မန်းကို စာချုပ်ပါလျော်ကြေးဖြင့် ကမ်းလှမ်းသည့်အသင်း မရှိသေးဟု တီကို ဥက္ကဋ္ဌ ပြော

May 26, 2017

ဂရစ်ဇ်မန်းကို စာချုပ်ပါလျော်ကြေးဖြင့် ကမ်းလှမ်းသည့်အသင်း မရှိသေးဟု တီကို ဥက္ကဋ္ဌ ပြော

တိုက်စစ်မှူး ဂရစ်ဇ်မန်းရဲ့ စာချုပ်ပါလျော်ကြေးနဲ့ ကမ်းလှမ်းထားတဲ့အသင်း မရှိသေးဘူးလို့ အက်သလက်တီကိုမက်ဒရစ်အသင်း ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။ အက်သလက်တီကိုအသင်းဟာ ဂရစ်ဇ်မန်းကို ၂၀၂၁ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားတာဖြစ်ပြီး သူ့ကိုခေါ်ယူလိုတဲ့ အသင်းတွေအနေနဲ့ စာချုပ်ပါလျော်ကြေးဖြစ်တဲ့ ပေါင်သန်း ၉၀ နီးပါး ပေးချေရမှာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာ လျော်ကြေးတန်ဖိုးဖြစ်တဲ့ ပေါင်းသန်း ၉၀ နီးပါးနဲ့ ကမ်းလှမ်းတဲ့အသင်း မရှိဘဲ ဘယ်အသင်းကမှလည်း အဲဒီပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာမယ်မထင်ဘူးလို့ အသင်းဥက္ကဋ္ဌ စီရီဇိုက ပြောပါတယ်။ ဂရစ်ဇ်မန်းအနေနဲ့ မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ ၆၀ ရာခိုင်နူန်း အခွင့်အရေးရှိတယ်လို့ ပြီးခဲ့တဲ့အပတ်က တရားဝင်ထုတ်ဖော်ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီးလည်း အံ့အားသင့်တာမျိုး မရှိကြောင်း၊ ကစားသမားအနေနဲ့ နှစ်စဉ်နှစ်တိုင်း ပြောဆိုနေကျဖြစ်တယ်လို့လည်း အက်သလက်တီကိုဥက္ကဋ္ဌက ဆိုပါတယ်။ ဂရစ်ဇ်မန်းအနေနဲ့လည်း အသင်းကနေ ထွက်ခွာမယ်လို့ ဘယ်တုန်းကမှ ပြောဆိုဖူးခြင်းမရှိဘဲ စာချုပ်သက်တမ်းကလည်း နောက်ထပ် သုံးလေးနှစ်လောက် ကျန်သေးတဲ့အတွက် အသင်းပြောင်းရွှေ့ခွင့် ပေးမှာမဟုတ်ဘူးလို့ အက်သလက်တီကို ဥက္ကဋ္ဌက ဆက်ပြောပါတယ်။ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ဒီနှစ်ရာသီမှာ အက်သလက်တီကိုအသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၂၆ ဂိုး သွင်းယူခဲ့ပါတယ်။
4 years Ago
Up