ဂရင်းဖဲလ်တာဝါ

June 20, 2017

လန်ဒန် ဂရင်းဖဲလ်တာဝါ မီးလောင်မှုကြောင့် သေဆုံးသူ ၇၉ ဦးအထိရှိပြီ

လန်ဒန် ဂရင်းဖဲလ်တာဝါ မီးလောင်မှုကြောင့် သေဆုံးသူဟာ ၇၉ ဦးအထိ ရှိသွားပြီလို့ လန်ဒန်ရဲတပ်ဖွဲ့ ရဲချုပ် စတူးဝပ်ကန်ဒီက ဇွန်လ ၁၉ ရက်ေန့မှာ ပြောကြားလိုက်ပါတယ်။ “ဒီမနက်အထိ သေဆုံးတယ် ဒါမှမဟုတ် ပျောက်ဆုံးတယ်လို့ ကျေန်ာတို့ ယုံကြည်ထားတဲ့သူတွေက အခုဆိုရင် ၇၉ ဦး ရှိပါတယ်။ စိတ်မကောင်းပါဘူး။ သူတို့တွေကို သေပြီလို့ ယူဆရတော့မှာပဲ။ အဲဒီ ၇၉ ဦးမှာ ၅ ဦးကို ဘယ်သူဘယ်ဝါမှန်း ဖော်ထုတ်ပြီးပါပြီ” လို့ ရဲချုပ် စတူးဝပ်ကန်ဒီက ပြောလိုက်တာပါ။ အခုပြောတဲ့ အရေအတွက် ၇၉ ဦးက ပြောင်းနိုင်သေးသလို ပျောက်နေမှန်း မသိသေးတဲ့သူတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အကြောင်းကြောင်းကြောင့် မီးဘေးကနေ လွတ်သွားပြီး ရဲကို အသိမပေးခိုင်းတာမျိုး ရှိနိုင်တယ်လို့လည်း ပြောပါတယ်။ နောက်ဆုံးမှာတော့ ရဲချုပ် စတူးဝပ်ကန်ဒီက “စုံစမ်းရေးပိုင်းကတော့ အဆောက်အဦကို ဘယ်လိုတည်ဆောက်ထားလဲ၊ ဘယ်လို ပြုပြင်မွမ်းမံထားလဲကစပြီး ဘယ်လိုစီမံခန့်ခွဲလဲ၊ မီးဘေးကာကွယ်ရေး အစီိအမံတွေ ဘယ်လိုရှိလဲ စသဖြင့်ပေါ့ အများကြီးပါပါတယ်။ စုံစမ်းရေးအဖြေ ဘာဖြစ်နိုင်သလဲဆိုတာကို ခန့်မှန်းခိုင်းရင်တော့ ကျနော် မဖြေနိုင်ပါဘူး။ ဒါပေမယ့် စိတ်ချပါ။ ဒါဟာ လူတဦးတယောက် ဒါမှမဟုတ် အဖွဲ့အစည်းတခုခုက ကျူးလွန်တာလား ဆိုတာကို စုံစမ်းမှာပါ။ အထောက်အထားတွေ၊ ပြစ်မှုကျူးလွန်ရာ နေရာတွေကို စစ်ဆေးသွားမှာပါ။ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အရေးယူဖို့ ကျနော် အစွမ်းကုန် ကြိုးပမ်းသွားမှာပါ” လို့ ကတိပြု ပြောကြားခဲ့ပါတယ်။ အထပ် ၂၄ ထပ်၊ အခန်းပေါင်း ၁၂၀ ရှိတဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော် အနောက်ပိုင်းက ဂရင်းဖဲလ်တာဝါ လူနေအဆောက်အဦမှာ ဇွန်လ ၁၄ ရက် ဒေသစံတော်ချိန် မနက် ၁ နာရီလောက်က မီးအကြီးအကျယ် လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
4 years Ago

June 15, 2017

လန်ဒန် ဂရင်းဖဲလ်တာဝါ မီးလောင်မှု သေဆုံးသူ ၁၂ ဦးရှိ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော် အနောက်ပိုင်းမှာရှိတဲ့ ဂရင်းဖဲလ် တာဝါကြီး ဇွန်လ ၁၄ ရက်နေ့က မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ရာမှာ အခုချိန်ထိ လူ ၁၂ ဦး သေဆုံးသွားပြီလို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ အထပ် ၂၄ ထပ်ရှိ ဂရင်းဖဲလ် တာဝါ လူနေအဆောက်အဦကို ဒေသစံတော်ချိန် နံနက် ၁ နာရီမှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး အခုချိန်ထိ လူ ၆၈ ဦးကိုလည်း ဆေးရုံ ၆ ခုမှာ တင်ပို့ပြီး ဆေးကုသနေရပါတယ်။ အဲဒီအဆောက်အဦကို ၁၉၇၄ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး အခန်းပေါင်း ၁၂၀ ရှိပါတယ်။
4 years Ago
Up