ဂယ်ရီနဗီးလ်နဗီးလ်

May 3, 2020

ပီလီရဲ့ စံချိန်ကိုလိုက်မီဖို့ ရော်နယ်ဒိုရဲ့ ကြိုးပမ်းမှုကို ဘယ်အရာကမှ မတားဆီးနိုင်ဘူး - နဗီးလ်

ပီလီရဲ့ ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်ပြီး သမိုင်းတလျှောက် အကောင်းဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူဖို့ ရော်နယ်ဒိုမှာ အကြံအစည်ရှိနေတယ်လို့ ဂယ်ရီနဗီးလ်က ပြောပါတယ်။ ဂျူဗင်တပ်စ်စူပါစတား ရော်နယ်ဒိုဟာ ၁၈ နှစ်တာ ကစားသမားဘဝအတွင်း မြင့်မားတဲ့အောင်မြင်မှုတွေကို ရရှိခဲ့ပြီး ဒီအချိန်အတွင်း သူ့မျိုးဆက်ရဲ့ ထိပ်တန်းစွမ်းဆောင်ရှင်တွေထဲက တဦးအဖြစ် တည်ဆောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ် စတဲ့ ဥရောပထိပ်သီးကလပ်အသင်းတွေမှာ ကစားခဲ့တဲ့ ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်ဖလား ၃ လုံး၊ လာလီဂါဖလား ၂ လုံး၊ စတူဂတ်တိုဖလား ၁ လုံးနဲ့ ချန်ပီယံလိဂ်ဖလား ၅ လုံးအထိ ဆွတ်ခူးထားနိုင်ခဲ့သူဖြစ်ပြီး Ballon d’Or ဆုကိုလည်း ငါးကြိမ်ရရှိခဲ့သူ ဖြစ်ပါတယ်။ ‌ရော်နယ်ဒိုဟာ အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်နဲ့ ၂၀၁၈ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာခဲ့ပါတယ်။  သူဟာ ပေါ်တူဂီအသင်းနဲ့ ၂၀၁၆ ယူရိုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး နိုင်ငံရဲ့သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်း ရော်နယ်ဒိုဟာ လီယွန်နယ်မက်ဆီနဲ့အတူ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး လက်ရှိအသက်အရွယ်အထိတိုင်အောင် အကောင်းဆုံးခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်တယ်လို့ နဗီးလ်က ထုတ်ဖော်ချီးကျူး ပြောဆိုခဲ့တာပါ။ ယူနိုက်တက်အသင်းမှာတုန်းက ရော်နယ်ဒိုရဲ့ ကြိုးစားအားထုတ်မှုတွေဟာ သူ့ကို အံ့အားသင့်စေခဲ့တယ်လို့ ဝန်ခံပါတယ်။  ဒါ့အပြင် လက်ရှိအချိန်မှာ ရော်နယ်ဒိုဟာ ဘရာဇီးဂန္ထဝင်ကစားသမား ပီလီရဲ့စံချိန်ကို လိုက်မီဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ပီလီဟာ ကစားသမားဘဝအတွင်း ဂိုးပေါင်း ၁,၀၀၀ ကျော် သွင်းယူခဲ့သူ ဖြစ်ပြီး ဒီစံချိန်ကို လိုက်မီဖို့ ရော်နယ်ဒိုရဲ့ ကြိုးပမ်းမှုကို ဘယ်အရာကမှ မတားဆီးနိုင်ဘူးလို့ နဗီးလ်က ပြောပါတယ်။ “သူ ကမ္ဘာ့အကောင်းဆုံး ကစားသမားတဦးဖြစ်အောင် ကြိုးစားခဲ့ပုံတွေက တခြားကမ္ဘာက လူတဦးလိုပါပဲ။ သူဟာ ကျနော် တွဲကစားခဲ့ဖူးတဲ့သူတွေထဲမှာ တဦးချင်းဆုတံဆိပ်တွေက ပိုပြီးအရေးကြီးတယ်လို့ ခံယူထားတဲ့ ကစားသမားအနည်းငယ်ထဲက တဦးလည်း ဖြစ်ပါတယ်။ သူဟာ အကောင်းတကာ့ အကောင်းဆုံးဖြစ်ချင်သူပါ။ ပြီးခဲ့တဲ့နှစ်အတွေအတွင်း သူ လုပ်ပြခဲ့တဲ့အရာတွေေက တကယ့်ကိုရူးလောက်စရာပါပဲ။ သူ့အောင်မြင်မှုတွေက တကယ်ကို ရင်သပ်ရှုမောဖွယ်ကောင်းပြီးတော့ အလုပ်ကြိုးစားပုံတွေကလည်း အံ့မခန်းပါပဲ။ ကျနော့်အထင်ပြောရရင် သူ့မှာ ပီလီရဲ့စံချိန်ကို ရိုက်ချိုးဖို့ အစီအစဉ်ရှိထားပါတယ်။ သူဟာ သမိုင်းတလျှောက် အကောင်းဆုံးဖြစ်ချင်နေတာပါ။ ဒါဟာ သူ့ရဲ့ အခိုင်မာဆုံးရည်ရွယ်ချက်ပါပဲ” လို့ နဗီးလ်က မှတ်ချက်ပြုပါတယ်။
12 months Ago
Up