ဂယ်ရီကိုး

March 7, 2018

အိမ်ဖြူတော် ထိပ်တန်းစီးပွားရေးအကြံပေး ဂယ်ရီကိုး ရာထူးက နုတ်ထွက်မည်

အိမ်ဖြူတော် ထိပ်တန်း စီးပွားရေးအကြံပေးဖြစ်သူ ဂယ်ရီကိုး ရာထူးကနေ နုတ်ထွက်တော့မယ်လို့ အိမ်ဖြူတော်က မတ်လ ၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဝေါစထရိ ဘဏ်လုပ်ငန်းရှင်ဖြစ်သူ ဂယ်ရီကိုးဟာ ၂၀၁၇ အခွန်ပြုပြင်ပြောင်းလဲရေး ဗိသုကာနဲ့ ထရမ့်အစိုးရအတွင်းရှိ ကိုယ်ကျိုးစီးပွား အင်အားစုတွေရဲ့ရန်ကို ကြံ့ကြံ့ခံသူတဦး ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ထရမ့်က သံမဏိနဲ့ အလူမီနီယံ သွင်းကုန်တွေအပေါ် ကြီးလေးတဲ့ အခွန်စည်းကြပ်မယ်လို့ ပြောကြားခဲ့ပြီးနောက်ပိုင်း ဂယ်ရီကိုးဟာ ရာထူးကနေ နုတ်ထွက်ခဲ့တာပါ။ ဂယ်ရီကိုးဟာ ထရမ့်ရဲ့ အခွန်စည်းကြမ်မယ့် မူဝါဒကို ဆန့်ကျင်တဲ့အတွက် ရာထူးကနေ နုတ်ထွက်နိုင်တယ်ဆိုတဲ့ ထင်ကြေးတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ “ဂိုးလ်မန်းဆက်ခ်” ဘဏ် ဥက္ကဋ္ဌဟောင်းတဦးဖြစ်သူ ဂယ်ရီကိုးဟာ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲပြီးနောက် ထိပ်တန်းရာထူးတွေအတွက် သမ္မတ ထရမ့် ရွေးချယ်ခဲ့တဲ့ ဘဏ်လုပ်ငန်းရှင်တွေထဲက တဦးဖြစ်တယ်လို့ ရိုက်တာသတင်းအရ  သိရပါတယ်။
4 years Ago
Up